အပိုင်း ၃၉၁ ခြုံခိုတိုက်ခိုက်ခြင်း

1.7K 196 0
                                    

[Unicode]
အပိုင်း ၃၉၁ ခြုံခိုတိုက်ခိုက်ခြင်း

သက်တော်စောင့်တပ်မှူးက ခေါင်းညိတ်ပြီး သူ့နောက်မှ လူများကို ပြောလိုက်သည်။
“လူတချို့က ဒီအနီးအနား သစ်ပင်တွေမှာ ခြုံခို တိုက်ခိုက်ဖို့လုပ်... ကျန်တဲ့သူတွေက ငါနဲ့နေပြီး အစ်ကိုယွီနဲ့ ပစ္စည်းတွေ ပြင်ဆင်ဖို့ ကူညီ "
ယွီဟိုင်ဆင်ထားတဲ့ ထောင်ချောက်မှာ ကွင်းလျော ကြိုးကွင်းတစ်ခု ဖန်တီးဖို့ ကြိမ်ကြိုးကို သုံးထားတာ ဖြစ်သည်။ ဝိုခုန်းပင်လယ်ဓားပြတွေ ထောင်ချောက်ထဲ ၀င်လာပါက အင်အားအနည်းငယ်လောက် သုံးလိုက်ရုံနဲ့ သူတို့တွေ လေထဲ မြှောက်တက်သွားလိမ့်မည်ပင်။ အဲ့အချိန်ကျ ထိုပိတ်မိနေတဲ့ ပင်လယ်ဓားပြတွေကို သူတို့ အလွယ်တကူ ကိုင်တွယ်နိုင်လိမ့်မယ်။
ထောင်ချောက်တွေကို အတူတကွ ဆင်တာက ခက်ခဲတဲ့ အလုပ်မျိုးတော့ မဟုတ်ပေ။ ယွီဟိုင်က သက်တော်စောင့် အနည်းငယ်ကို ခေါ်ယူပြီး သူတို့နဲ့အတူ ထိုဝိုခုန်းပင်လယ်ဓားပြတွေ ဖြတ်သွားနိုင်သည့်နေရာများတွင် ထောင်ချောက် တစ်ဒါဇင်ခန့်မက ဆင်ထားလိုက်သည်။ အဲ့ဒီအချိန်မှာကို သူတို့နေရာကနေ ချုံထူထူကိုဖြတ်ကာ နိုင်ငံခြားဘာသာစကားတစ်မျိုးကို အလုအယက် ပြောဆိုနေကြတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ပင်လယ်ဓားပြတွေကို မြင်နေရလေပြီ။
တပ်မှူးကျန်းက ယွီဟိုင်ကို လက်ဖြင့် အချက်ပြပြီး ပိုပြီးလုံခြုံတဲ့နေရာကို ပြန်ဆုတ်ဖို့ ပြောလိုက်သည်။ သူက သူ့လူများကို ပြန်လည် စုစည်းလိုက်ပြီး ပုန်းအောင်းကြရန်အတွက် သူတို့အားလုံး အနီးအနားရှိ သစ်ပင်ကြီးအချို့ပေါ် ပေါ့ပါးသွက်လက်စွာ ခုန်တက်သွားကြသည်။ သက်တော်စောင့်များ၏ ကိုယ်ပေါ်၌ ရှည်လျားတဲ့ ဓားရှည်ရှိရုံမက လေးနှင့် မြားကျည်တောက်ကိုလည်း သယ်ဆောင်လာကြသည်။ သစ်ပင်တို့ပေါ်၌ ပုန်းအောင်းနေကြသောတပ်သားများက သူတို့ရဲ့ လေးနဲ့ မြားတွေကို ထုတ်ပြီး ပင်လယ်ဓားပြတွေရဲ့ လားရာအတိုင်း အသင့်ချိန်ရွယ်ထားကြသည်။
တောအုပ်ထူထူထဲ၌ ဓါးပြတွေရဲ့ ချဉ်းကပ်လာသံကို သူတို့တွေ ကြားလိုက်ရပြီး အသံကို နားစွင့်လိုက်တာနဲ့ ထိုပင်လယ်ဓားပြတို့ရဲ့ အင်အားက မသေးကြောင်း ထင်ရှားသည်။ သိပ်မကြာခင်မှာပဲ ယွီဟိုင်နဲ့ အခြားသူတွေက ပုတုတု ပင်လယ်ဓားပြတစ်ယောက်ကို မြင်လိုက်ကြသည်။ ထိုသူက မရင်းနှီးတဲ့ ၀တ်စုံကို ၀တ်ဆင်ထားပြီး သူ၏ဦးခေါင်းထိပ်ကိုလည်း ပြောင်ရှင်းနေအောင် ရိတ်ထားသည်။ ပင်လယ်ဓားပြမှာ ရက်စက်ကြမ်းကြုတ်ကာ အပြစ်မူချင်တဲ့ မျက်လုံးများရှိနေသည်။ ချုံပုတ်ထူထူတစ်ခုတွင် ပုန်းနေတဲ့ ယွီဟိုင်က ပင်လယ်ဓားပြတွေရဲ့ ခြေထောက်များကိုသာ တစူးတစိုက် ကြည့်နေသည်။ ဝိုခုန်းပင်လယ်ဓားပြ တစ်ယောက် သူတို့ဆင်ထားတဲ့ ကြိုးထောင်ချောက်များမှ တစ်စင်းထဲသို့ ၀င်လာသည်ကို မြင်လိုက်ရတော့ သူမှာ အသက်ရှူပင် နှေးကွေးသွားရသည်။
သူ ဝင်သွားပြီ! သူ ဝင်သွားပြီ! ထိုဓါးပြ၏ ဘယ်ခြေထောက်မှာ ကြိုးကွင်းအလယ်ကိုတောင် ရောက်နေပြီ! ယွီဟိုင်က ချက်ချင်းဆိုသလို လက်ထဲရှိ ထောင်ချောက်ကြိုးကို ပေါ့ပါးစွာပဲ ဆွဲလိုက်ဖို့ ဆုံးဖြတ်လိုက်သည်။ ကြိုးကွင်းက ပင်လယ်ဓားပြ၏ ခြေချင်းဝတ်မှာ အလျင်အမြန် တင်းကျပ်သွားပြီး အပေါ်ရှိ သစ်ပင်သစ်ကိုင်း၏ ကြုံ့ဆန့်အားကို အသုံးပြုကာ ထိုကြိုးက အဝေးသို့ လွင့်ပျံတက်သွားသည်။ ပင်လယ်ဓားပြတစ်ယောက် လေထဲမှာ အခုလို ကြိုးတန်းလန်းမဖြစ်လိုက်မီ သူ့ခြေချင်းဝတ်တစ်ဖက်က တင်းကျပ်သွားတာကိုပဲ ခံစားလိုက်ရသည်။
ထောင်ချောက်မိသွားတဲ့ ဝိုခုန်းပင်လယ်ဓားပြက ကြောက်လန့်တကြား အော်ဟစ်လိုက်တော့ သူ့နောက်မှာရှိနေတဲ့ အခြားပင်လယ်ဓားပြတစ်ယောက်က တစ်ခဏမျှ အံ့သြမှင်တက်သွားသည်။ ထို့နောက်မှ သူသည်လည်း နောက်လှည့်ကာ စူးစူးဝါးဝါး အော်လျက် အချက်ပြတော့သည်။ တစ်ချိန်တည်းမှာပဲ အခြားဓားပြများက သူတို့ရဲ့ ဓားရှည်များကို ဆွဲထုတ်လိုက်ကြသည်။ သူတို့ထဲမှာ အရပ် ခပ်နည်းနည်းမြင့်တဲ့သူတစ်ဦးပါပြီး ထိုသူဝတ်ဆင်တဲ့ အဝတ်များကလည်း အခြား ပင်လယ်ဓားပြများနဲ့ ယှဉ်လျှင် ပိုမိုရှုပ်ထွေးကာ ခမ်းနားသည်။ ထိုသူက ဒီပင်လယ်ဓားပြတွေအားလုံးရဲ့ ခေါင်းဆောင်ဖြစ်မယ်ဆိုတာ သိသာထင်ရှားတဲ့အတွက် အထူးတလည် ဆွေးနွေးနေစရာမလိုပေ။
ဝိုခုန်းပင်လယ်ဓားပြခေါင်းဆောင်ဖြစ်သူက လေပေါ်ဝဲနေတဲ့ ပင်လယ်ဓားပြကို လက်ညိုးထိုးကာ သူ့လက်အောက်ငယ်သားများကို စကားအနည်းငယ်ခန့် ဗလုံးဗထွေး ပြောလိုက်သည်။ သူက အခြားသူများအား ထိုလူကို အောက်ချဖို့ အမိန့်ပေးနေပုံရသည်။ သူ့အမိန့်ကို ရလိုက်ပြီး လှုပ်ရှားဖို့ ကြံမည်အပြုမှာ လေထဲတွင် မြှားတစ်စင်း ဝဲပျံလာပြီး ထောင်ချောက်မိနေတဲ့ ဓားပြရဲ့လည်ပင်းအတွင်း ခပ်နက်နက် ထိုးစိုက်သွားသည်။ ထောင်ချောက်မိနေတဲ့ ပင်လယ်ဓားပြက ပွဲချင်းပဲ သေဆုံးသွားပြီး ခွေးသေကဲ့သို့ သစ်ပင်ပေါ်တွင် တွဲလောင်းကျနေသည်။
ပင်လယ်ဓားပြခေါင်းဆောင်ရဲ့ အမူအယာက ချက်ချင်းပြောင်းသွားသည်။ သူက သူ့ကို ကာကွယ်ပေးဖို့ အခြားသူတွေကို အလျင်စလိုပဲ အမိန့်ပေးလိုက်သည်။ ရုတ်ရုတ်သဲသဲ ဖြစ်နေစဉ် အခြားဓားပြ အနည်းငယ်တို့လည်း ကြိုးထောင်ချောက်ထဲသို့ ၀င်သွားပြီး သစ်ပင်ထက် တွဲလောင်းအနေအထား ဖြစ်နေကြသည်။
"ကိုယ့်ကိုကိုယ် ကာကွယ်ကြ! ကိုယ့်အသက်ကိုယ် ကာကွယ်ကြ! "
အစောပိုင်းတုန်းက ပင်လယ်ဓားပြတွေရဲ့ခေါင်းဆောင်ဆိုသူဟာ တံငါရွာငယ်လေးကို ဝင်စီးဖို့ အများကြီး အားထုတ်ရလိမ့်မယ်လို့ မထင်ထားခဲ့ပေ။ သူ ဗိုလ်ချုပ်ကြီး ယာမဂုချီနှင့် စကားပြောချိန်တုန်းက ဒီတံငါရွာလေးကို နေ့တစ်ဝက်အတွင်း အပြည့်အဝ ချေမှုန်းနိုင်လိမ့်မယ်လို့တောင် လေလုံးထွားလျက် အခိုင်အမာ ပြောခဲ့သေးသည်။
အိမ်ထောင်စု ဒါဇင်အနည်းငယ်ခန့်သာရှိတဲ့ တံငါရွာလေးက သူတို့ရဲ့ တိုက်ခိုက်မှုအစီအစဉ်ကို စောလျင်စွာ သိသွားပြီး အဖိုးတန်ပစ္စည်းများ ထုပ်ပိုးကာ အနီးအနားရှိ တောင်များဆီသို့ ထွက်ပြေးကြလိမ့်မယ်လို့ သူ လုံးဝ မျှော်လင့်မထားခဲ့ပေ။ ရွာသားတွေက အလျင်စလို ထွက်ခွါသွားရလို့ ရွာထဲမှာ ပစ္စည်းအများအပြား ကျန်နေသေးပေမဲ့ ဒီဓားပြအုပ်စုရဲ့ ခေါင်းဆောင်က မကျေနပ်ဘဲ ရှိနေခဲ့သည်။ သူ ငယ်စဉ်အခါက အခုလို စီးနင်းမှုတွေထဲ ပါ၀င်ခဲ့ပြီး ပစ္စည်းကောင်းများစွာကိုလည်း သီးသန့် ရရှိခဲ့သည်။ ဒီတစ်ခေါက်စီးနင်းမှုထဲ၌ ဒါဇင်လောက်ချီတဲ့ ဗိုလ်ချုပ်ကြီးရဲ့ တပ်သားတွေလည်း ပါဝင်သည်။ အကယ်၍ သူသာ သူတို့အားလုံးထဲမှာမှ အနည်းဆုံး ပစ္စည်းပမာဏကိုပဲ သယ်သွားလိုက်နိုင်ရင် ဗိုလ်ချုပ်ကသူ့ကို မဖြစ်စလောက်လို့ပဲ ထင်သွားမှာမလား။
ရွာအလွတ်ကိုသာ တွေ့လိုက်ရတော့ ဝိုခုန်းပင်လယ်ဓားပြခေါင်းဆောင်ရဲ့ ဒေါသမီးတို့ ဆူပွက်သွားသည်။ ဒီဆင်းရဲတဲ့ တံငါသည်တွေက သူ့မျက်လုံးထဲမှာ ဘာမှကိုမဟုတ်ဘူး။ သူ့လူတွေရဲ့ကျွမ်းကျင်မှုနဲ့ သူတို့တွေ ဒီထွက်ပြေးနေတဲ့ ရွာသားတွေကို အမီလိုက်ပြီး သူတို့ရဲ့ ပိုင်ဆိုင်မှုအားလုံးကို ဘာလို့ မသိမ်းယူနိုင်ရမှာလဲ။
သို့သော် သူတို့တောထဲကို ခြေစုံပစ်ဝင်လိုက်တာနဲ့ သူတို့တွေ အခက်အခဲနဲ့ ကြုံရလိမ့်မယ်လို့ ဘယ်သူက သိမှာလဲ။ ဒီတံငါသည်တွေထဲမှာ အတွေ့အကြုံရှိတဲ့ မုဆိုးအချို့ရှိပုံရမှန်း သိသာသည်။ သူ ဒီရွာသားတွေကို အရမ်းလျှော့တွက်ခဲ့မိပုံပဲ။
ဒါပေမဲ့လည်း ဒီဓားပြအုပ်စုရဲ့ခေါင်းဆောင်က ရွာသားတွေဘက်က မုဆိုးအနည်းငယ်ကို အသုံးပြုလိုက်ရုံနဲ့ အခုလောက်ကြီးထိ လုပ်နိုင်လိမ့်မယ်လို့ မထင်ခဲ့ဘူး။ စနစ်တကျ လေ့ကျင့်ထားပြီး အကာအကွယ်များ သေချာဝတ်ဆင်လာတဲ့ သူ့လူတွေနဲ့ယှဉ်ရင် အဲ့ဒီမုဆိုးတွေက ကိုယ့်သေတွင်းကိုယ် တူးနေကြတာပဲ!
“သောက်ရူးတွေ လှည့်ပတ်ရှာကြစမ်း! အဲဒီ့ခွေးကောင်တွေက ဒီတစ်ဝိုက်မှာပဲ ရှိရမယ်! တစ်ယောက်ကိုမှ အရှင်မထားနဲ့... တွေ့တဲ့သူမှန်သမျှ တန်းသတ်ပစ်!!"
ထိုဓားပြအုပ်စုရဲ့ခေါင်းဆောင်က ရက်စက်ကြမ်းကြုတ်တဲ့ အမူအရာကို ထုတ်ပြကာ သူ့ရဲ့အမိန့်ကို အော်ဟစ်ရင်း လက်ထဲက ဓားရှည်ကို ဝေ့ယမ်းလိုက်သည်။
ထိုအချိန်၌ သူ့ဦးတည်ရာသို့ မြားတစ်စင်း ဝဲလာသည်။ ပင်လယ်ဓားပြခေါင်းဆောင်က ခြေကုန်လက်ပန်းကျနေတဲ့ အမူအရာမျိုး ထုတ်ဖော်ပြလာခဲ့ပေမဲ့ သူ့ရဲ့တုံ့ပြန်မှုနှုန်းက အတော်လေး မြန်သည်။ သူက သူ့ဘေးနားက လက်အောက်ငယ်သားတစ်ဦးကို ဆွဲဖမ်းကာ သူ့ရှေ့မှာ ဒိုင်းကာတစ်ခုအဖြစ် အကာအကွယ်ယူလိုက်သည်။ ထို့နောက် သူက အောက်ငုံ့ရှောင်ပုန်းလိုက်ပြီး ထိုကံဆိုးလှတဲ့ ပင်လယ်ဓားပြလေးရဲ့နောက်တွင် လုံးလုံးလျားလျား ပုန်းခိုလိုက်သည်။
ငါးညှီနံ့ အနည်းငယ်ပါတဲ့ အရည်နွေးနွေးတွေက သူ့မျက်နှာပေါ်သို့ စင်လာသည်။ ထိုကံမကောင်းလှတဲ့ ပင်လယ်ဓားပြက မြေပေါ်သို့လဲကျသွားကာ ဆန့်ငင်ဆန့်ငင် ဖြစ်လို့နေသည်။ သူ့ကို ထိလုနီးပါးမြှားက အခြား ပင်လယ်ဓားပြ၏ နှလုံးသားနေရာအတိမှာ အခိုင်အမာ ထိုးစိုက်နေသည်။ အေးစက်စက် ချွေးအေးတို့ သူ့ခေါင်းထက်မှ အလိုအလျောက် စီးကျလာနေပြီး သူ့စိတ်ထဲ သူ၏ မြန်ဆန်လှသည့် တုံ့ပြန်မှုအတွက် တိတ်တဆိတ် ၀မ်းမြောက်နေမိသည်။ ဒီလိုမှမဟုတ်ရင် မြေကြီးပေါ်မှာ လဲလျောင်းနေတဲ့လူက သူရဲ့လက်အောက်သားမဟုတ်ဘဲ သူဖြစ်သွားလိမ့်မယ်။
သူ့နှလုံးသားထဲ ပြင်းထန်တဲ့ဒေါသလှိုင်းတို့ ဆူဝေလာတော့သည်။ သူ ဒီခေါင်းမာတဲ့ တံငါသည်တွေ အားလုံးကို တစ်ယောက်မကျန်ရှာ၊ သူတို့နှလုံးတွေကို လှီးထုတ်ပစ်ပြီး လေထဲ လူသားခြောက်ဖြစ်အောင် နေသာ လှန်းပစ်လိုက်ချင်သည်။
"သူတို့ကို အခုချက်ချင်းရှာကြ! ဒီမင်မင်းဆက် ဝက်တွေအားလုံးကို အခုပဲ ငါ့ဆီ ဆွဲထုတ်လာကြစမ်း... ”
ဓားပြခေါင်းဆောင်က ဒေါသတကြီးဖြင့် မြေကြီးပေါ်ခြေဆောင့်ကာ တုန်လှုပ်ချောက်ချားနေတဲ့ သူ့လက်အောက်ငယ်သားတွေကို သူ့ကိုယ်ရံတော်နှစ်ယောက်နောက်ကနေ တိုက်ရိုက်အမိန့် ပေးလိုက်သည်။ ရံဖန်ရံခါဆိုသလို ဟိုဟိုဒီဒီ အခြေအနေကိုကြည့်ဖို့ ပင်လယ်ဓားပြခေါင်းဆောင်က ထိုကိုယ်ရံတော်နှစ်ယောက်နောက်ကနေ ခေါင်းဖော်ကြည့်လာတတ်သည်။
စောစောက ဓားပြအုပ်စုခေါင်းဆောင်အား ထိလုနီးပါးမြားကို သစ်ပင်ကြားမှာ ပုန်းအောင်းနေတဲ့ သက်တော်စောင့်တပ်မှူးက ပစ်လိုက်တာ ဖြစ်သည်။ ယခင်က သူ စစ်မြေပြင်ကို တစ်ခါမှ မဝင်ရောက်ဖူးသော်လည်း ရန်သူတပ်ရဲ့ခေါင်းဆောင်ကို အရင်ဆုံး ဖယ်ထုတ်ရမယ်ဆိုတဲ့ သဘောတရားကိုတော့ သူသဘောပေါက်သည်။ ထိုဓားပြခေါင်းဆောင်ဆိုသူကို မသတ်နိုင်ခဲ့လို့ သူ တော်တော် နောင်တရမိသည်။ သူက ပင်လယ်ဓားပြခေါင်းဆောင်ကိုသတ်ဖို့ ဒုတိယအခွင့်အရေးကို ဆက်ရှာနေပေမယ့် ထိုလူကြီးက သတ်ခံရမှာကို ကြောက်ရွံ့နေလို့ အခြားဓားပြတွေရဲ့နောက်မှာပဲ နီးနီးကပ်ကပ် တွယ်ကပ်နေသည်။ ဒါ့ကြောင့် အခြားပင်လယ်ဓားပြများကို ပစ်မှတ်ထားရုံသာ သူတတ်နိုင်တော့သည်။
တော်ဝင်မင်းသားအိမ်ရာမှ တပ်မှူးခေါင်းဆောင်က ပထမအကြိမ် မြားပစ်လွှတ်လာပြီဆိုတော့ အနီးနားရှိ အခြား ကိုယ်ရံတော်တွေကလည်း သူတို့ရဲ့မြားများကို စတင်ပစ်ခတ်ကြသည်။ သူတို့က သူတို့ရဲ့ တပ်မှူးလောက် မကျွမ်းကျင်ပေမယ့် သူတို့ပစ်တဲ့ မြားသုံးချောင်းတိုင်းက ပင်လယ်ဓားပြ တစ်ယောက်ကိုတော့ သတ်နိုင်သည်။ ထိုဝိုခုန်းပင်လယ်ဓားပြများမှာ သူတို့လူတွေ အကြီးအကျယ် ချေမှုန်းခံခဲ့ရသည်အထိ သူတို့ရဲ့ရန်သူရဲ့တည်နေရာကို မရှာဖွေနိုင်သေးပေ။
"နောက်ဆုတ်မယ်! ဒီမှာရန်သူတွေ အရမ်းများနေတယ်… အရင်နောက်ဆုတ်လိုက်ကြ!”
ဓားပြခေါင်းဆောင်ကိုယ်တိုင်က သူရဲဘောကြောင်သူဖြစ်တာကြောင့် သူ့လူတွေ တစ်ယောက်ပြီး တစ်ယောက် လဲကျနေတာကိုမြင်ရတော့ သူရဲ့ သတ္တိတွေ ပျောက်ဆုံးကုန်သည်။ ရန်သူတွေ ဘယ်လောက် စောင့်နေမလဲဆိုတာ သူမသိဘူး။ ဒီအခြင်းအရာတွေကိုကြည့်ရတာ ဒါက မုဆိုးအဖွဲ့ဝင် အနည်းငယ် တိုက်ခိုက်နေတာထက် အတွေ့အကြုံရှိတဲ့ စစ်သားတွေရဲ့ တိုက်ခိုက်ပုံနဲ့ ပိုတူနေသည်။ သူတို့လူအုပ်ထဲမှာ သူလျှိုတွေရှိနေပြီး ထိုသူလျှိုတွေက ‘မင်မင်းဆက်' တပ်သားတွေကို သတင်းပေးလိုက်လို့ သူတို့တွေ ပြင်ဆင်ချိန်ရသွားတာများလား။ မဖြစ်တော့ဘူး။ သူတို့တွေ ဒီနေရာမှာ ဘဲအုပ်လို တစ်စုတစ်စည်းတည်း ရပ်နေလို့မဖြစ်ဘူး။ ဒီလိုမှမဟုတ်ရင် သူတို့ရဲ့ဆုံးရှုံးမှုက အရမ်းမြင့်သွားလိမ့်မယ်။ အရင်ဆုံး သူတို့ ပိုလုံခြုံတဲ့နေရာကို ပြန်ဆုတ်ဖို့လိုပြီ။ အဲ့နောက်မှပဲ နောက်ဘာဆက်လုပ်ရမယ် ဆိုတာကို ဆုံးဖြတ်ရမယ်။
အမိန့်အသစ်ကို ရရှိပြီးနောက် ဝိုခုန်းပင်လယ်ဓားပြအားလုံးက အထိတ်တလန့် ဆုတ်ခွာသွားကြသည်။ သူတို့ ထွက်ခွာလာစဉ်မှာတောင် ကျောဘက်မှာ မြားမှန်တဲ့ ဓားပြအနည်းငယ်ပင်ရှိခဲ့သည်။ အဲ့တာက အတော်လေး ဖရိုဖရဲဖြစ်နေတဲ့ မြင်ကွင်းတစ်ခုလိုပင်။
ထိုအချိန်၌ ယွီဟိုင်မှာ ဝိုခုန်းပင်လယ်ဓားပြအုပ်စုဘက်သို့ ရောက်နေလင့်ပြီးဖြစ်သည်။ သူ့လက်ထဲတွင် လက်နက်အဖြစ် ကောက်ဆွတစ်လက်ရှိသည်။ သူ့လမ်းထဲ ပင်လယ်ဓားပြတစ်ဦး ရှိနေတာကြောင့် ယွီဟိုင်က ကောက်ဆွနဲ့ ဓားပြကို အတင်းထိုးပစ်လိုက်သည်။ ကောက်ဆွက ဓါးပြရင်ဘတ်တည့်တည့် ထိုးစိုက်သွားကာ တောအုပ်အတွင်း ဓားပြရဲ့အော်ဟစ်သံက ပဲ့တင်ထပ်သွားပြီး အခြား ပင်လယ်ဓားပြများ၏ အာရုံကို ဖမ်းစားသွားသည်။ သို့သော် ထိုနေရာက သစ်ပင်၊ ချုံတောတွေ ထူထပ်လွန်းသဖြင့် သူတို့ကြိုးစားရှာရင်တောင် ဘာကိုမှ မမြင်နိုင်ဘူး။ ထို့ပြင် သူတို့မှာ စူးစမ်းရှာကြည့်ဖို့ပင် ကြောက်ရွံ့နေကြသည်။
ယွီဟိုင်က ထိုအခွင့်အရေးကိုသုံးပြီး ကောက်ဆွကို ပြန်ယူလိုက်သည်။ ထို့နောက် လူတယောက် အမြင့်ရှိတဲ့ သစ်ပင်တွေထဲ ပုန်းလျှိုးရင်း တောအုပ်ထဲ တဖန်ပြန်လည် ပျောက်ကွယ်သွားလိုက်သည်။ အနီးအနားရှိ ပင်လယ်ဓားပြများ စုံစမ်းစစ်ဆေးရန် သတ္တိရှိလာချိန်ရောက်တော့ မြေပြင်ပေါ်တွင် သေလျက်သားရှိနေတဲ့ ပင်လယ်ဓားပြကိုသာ တွေ့ရသည်။
ဒီအားသာချက်ကို သုံးပြီး ယွီဟိုင်က ပင်လယ်ဓားပြတွေကို ချုံခိုတိုက်ခိုက်ဖို့ နောက်ထပ် နယ်မြေတစ်ခုကို ရှာလိုက်သည်။ ထိုနည်းလမ်းဖြင့် သူ မကြာခင်မှာပဲ ဝိုခုန်းပင်လယ်ဓားပြ ခုနစ်ယောက် ရှစ်ယောက်ကို ထပ်သတ်နိုင်ခဲ့သည်။ ဒါ သူလူသားတွေကို ပထမဆုံးအကြိမ်သတ်တာဖြစ်ပေမဲ့ သူသတ်ခဲ့တဲ့ ရန်သူတွေက ရက်စက်ကြမ်းကြုတ်တဲ့ ဓားပြတွေဖြစ်သော်လည်း သူ့စိတ်ထဲမှာတော့ တောရိုင်းတိရိစ္ဆာန်တွေထက် အများကြီးကွဲပြားတယ်လို့ မခံစားခဲ့ရပေ။ ယွီဟိုင်က ဒီအတွက် သူ့ကိုယ်သူ စိတ်ထဲ ကြိုတင် ပြင်ဆင်ထားပြီးသားမို့ သူတို့ကို တိုက်ခိုက်တဲ့အခါ သက်ညှာမှု နည်းနည်းလေးမှ မထားခဲ့ပေ။ တုန်ရှန်းရွာက ရွာသားတစ်ဦးဦးသာ သူတို့လက်ထဲ ကျသွားမယ်ဆိုရင် မည်သူမျှ ရလဒ်ကောင်းရမှာ မဟုတ်မှန်း သူသိသည်။
ထိုပင်လယ်ဓားပြခုနစ်ယောက် ရှစ်ယောက်ကို သတ်ပြီးနောက် ယွီဟိုင်က တော်ဝင်မင်းသား၏ သက်တော်စောင့်တွေ ကနဦး ချုံခိုတိုက်ခိုက်မယ်လို့ သတ်မှတ်ခဲ့သည့်နေရာသို့ ပြန်လာသည်။ တပ်မှူးကျန်းက သူ့သစ်ပင်ပေါ်မှ ခုန်ချနေပြီးဖြစ်တာကြောင့် ယွီဟိုင်က တပ်မှူးကို မေးလိုက်သည်။
"ကျုပ်တို့ သူတို့နောက် ထပ်လိုက်ကြဦးမလား?"
သက်တော်စောင့်တပ်မှူးက လက်အောက်ငယ်သားများအား လက်နဲ့အချက်ပြလိုက်သည်။ တစ်ချိန်တည်းမှာပဲ တပ်သားအားလုံးက ပုန်းအောင်းနေတဲ့ သစ်ပင်များပေါ်မှ ခုန်ဆင်းလာကြသည်။ သူက ယွီဟိုင်ကို ခေါင်းယမ်းပြလိုက်ပြီး အခြေအနေအား ပြန်ဖြေသည်။
" ဝိုခုန်းဓားပြတွေက ကျုပ်တို့မှာ လူဘယ်နှယောက်ရှိမှန်းမသိလို့ နောက်ဆုတ်သွားကြတာ… ကျုပ်တို့က အရင်တိုက်လိုက်တဲ့အတွက် သူတို့က ရှေ့ကိုမတိုးလာရဲတာ… ကျုပ်တို့ ဓားပြအတော်အသင့်ကို သတ်ခဲ့ပေမယ့် အကြမ်းအားဖြင့် သူတို့ရဲ့အင်အားက အားသာချက် ရှိနေသေးတယ်… သူတို့တွေ သူတို့ရဲ့တပ်ရင်းကို ရောက်သွားပြီး ကျုပ်တို့ကို ထပ်လာရှာတဲ့ အချိန်ရောက်ရင် ကျုပ်တို့အင်အားက သူတို့အုပ်စုကြီးနဲ့ ယှဉ်ရင် အနည်းငယ်ပဲဖြစ်နေမှာ… အယောက်တစ်ရာကျော်ရှိတဲ့ ဝိုခုန်းပင်လယ်ဓားပြအင်အားကို ကျုပ်တို့ ခုခံနိုင်မှာမဟုတ်ဘူး… ကျုပ်တို့ရဲ့ အဓိကရည်ရွယ်ချက်က ဒီပင်လယ်ဓားပြတွေအားလုံးကို သတ်ဖို့မဟုတ်ဘဲ ကြင်ယာတော်မင်းသမီးနဲ့ ရွာသားတွေ ပုန်းအောင်းဖို့ အချိန်လောက်အောင် ဆွဲထားပေးဖို့ပဲ”
" ဒါဆို... ကျုပ်တို့ အခုဘာလုပ်ကြမလဲ?"
တပ်မှူးကျန်းပြောသမျှက ပြီးပြည့်စုံတယ်လို့ ယွီဟိုင် ခံစားရသည်။ ထိုဝိုခုန်းပင်လယ်ဓားပြများက လေ့ကျင့်မှု ခံယူထားပုံရသည်။ သူတို့လူအနည်းငယ်ကို သတ်နိုင်ခဲ့သည့် တစ်ခုတည်းသော အကြောင်းအရင်းက သူတို့ကို ရုတ်တရက်တိုက်ခိုက်လိုက်တာကြောင့် အသင့်မဖြစ်ဘဲ ထိတ်လန့်သွားကြခြင်းကြောင့် ဖြစ်သည်။ သူသာ သူတို့ကို တကယ်ထိပ်တိုက်ရင်ဆိုင်ရင် သူတို့ထဲက တစ်ယောက်မျှကိုမှ ယှဉ်နိုင်မှာ မဟုတ်ပေ။
တပ်မှူးက ခဏလောက် တိတ်ဆိတ်သွားပြီး နောက်ဆုံး၌ ဆိုလာ၏။
" ဓားပြတွေ ပြန်လာတဲ့အခါ ကျုပ်တို့ ခဏလောက် လူစုခွဲပြီး ရန်သူကို လူခွဲပစ်သင့်တယ်… မြေပြင်အနေအထားကို သိတဲ့ ကျုပ်တို့ရဲ့အားသာချက်ကို သုံးပြီး ကျုပ်တို့တွေ တိုက်ဖို့အချိန်ကောင်းကို ရှာရမယ်!”
သူ့ကွပ်ကဲမှု အောက်မှာရှိနေတဲ့ တပ်သားများရဲ့လုပ်ဆောင်နိုင်စွမ်းကို သူသိသည်။ သူတို့တစ်ဦးတိုင်းက ပြဿနာမရှိဘဲ ဝိုခုန်းပင်လယ်ဓားပြ သုံးယောက်မှ ငါးယောက်အထိကို တိုက်နိုင်လိမ့်မည်။ လေ့ကျင့်မှု ခံယူထားတာမရှိ၊ ကိုယ်ခံပညာကျွမ်းကျင်မှုမရှိတဲ့ ယွီဟိုင်အတွက်သာ သူ စိတ်ပူမိသည်။ သူ ယွီဟိုင်ကို ကာကွယ်ပေးမယ့်လို့ ယွီမိသားစုကို ကတိပေးထားပြီးသားမို့ သူ့အား အန္တရာယ်ရှိတဲ့အခြေအနေကို ရင်ဆိုင်ဖို့ ခွင့်ပြုမှာမဟုတ်ပေ။
" အစ်ကိုယွီ… လောလောဆယ်တော့ ခင်များ ကျုပ်နဲ့လိုက်သင့်တယ်"
တပ်မှူးကျန်းက ယွီဟိုင်ကို သူ့ဘေးနားထားခြင်းက အလုံခြုံဆုံးနေရာဟု တွေးမိသည်။
ယွီဟိုင်က ငြင်းဆန်ကာ ခေါင်းခါပြလိုက်ပြီး
" စိတ်မပူပါနဲ့! ဒီတောအုပ်တွေမှာ ကျုပ်က ပြဿနာမရှိဘဲ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်း ရှိပါတယ်… ကျုပ်မတိုက်နိုင်တဲ့ ဓါးပြတွေနဲ့ ရင်ဆိုင်ရရင်တောင် အခက်အခဲမရှိ အသက်ရှင်လျက် ထွက်ပြေးနိုင်တယ်… တပ်မှူးကျန်း, ခင်များလုပ်စရာရှိတာသာလုပ်ပါ… ကျုပ်အတွက် စိတ်မပူနဲ့!"
ပင်လယ်ဓားပြအုပ်စုခေါင်းဆောင်က လက်ရှိမှာ သူ့လက်ထောက်တစ်ဦးနဲ့ အခြေအနေတွေကို ဆွေးနွေးနေသည်။ သူတို့နှစ်ယောက်စလုံးက သူတို့ရန်သူတွေမှာ လူများစွာမရှိကြောင်းနဲ့ နောက်ဆုံး လျှပ်တပြတ် တိုက်ခိုက်မှုမှာလည်း သူတို့ရဲ့မြားအများစုကို သုံးခဲ့သည်မှာ သေချာသည်။ ထို့ကြောင့် သူတို့တွေ အခု သူတို့ရဲ့လူအင်အားကို ထပ်မံလျော့ချနိုင်ဖို့ဆိုတာ အလားအလာနည်းသွားပြီ။
သို့ဖြစ်၍ ပင်လယ်ဓားပြခေါင်းဆောင်က သူ့လူတွေပြန်စုပြီး သူတို့ကို တောထဲပြန်ပို့ဖို့ ဆုံးဖြတ်လိုက်သည်။ ဒီတစ်ခါတော့ သူတို့ဘက်က ပိုသတိထားပြီး သုံးယောက်ကနေ ငါးယောက်လောက်ပဲ ပါတဲ့ အုပ်စုငယ်လေးတွေ ခွဲဖွဲ့လိုက်သည်။ ထို့ပြင် အဖွဲ့တွေက တစ်ဖွဲ့နဲ့တစ်ဖွဲ့ အရမ်းဝေးဝေးမှာ မဟုတ်ပေ။ ဒါကြောင့် အန္တရာယ်ဖြစ်လာရင် သူတို့အချင်းချင်း လွယ်လွယ်ကူကူ ကူညီနိုင်တယ်။
ထိုဝိုခုန်းပင်လယ်ဓားပြများက ရှေ့သို့ တိတ်တဆိတ် တွားသွားနေကြပြီး နောက်ဆုံးအကြိမ်မြောက် စစ်မြေပြင်သို့ ချဉ်းကပ်နေရသလို ဂရုတစိုက် သူတို့ ဘေးပတ်လည်ကို စောင့်ကြည့်နေကြသည်။ တစ်လမ်းလုံး သူတို့တွေ ရန်သူတစ်ဦးနှင့်မျှ မကြုံကြိုက်ခဲ့ရပေ။ များမကြာမီမှာပဲ သူတို့တွေ နောက်ဆုံး တိုက်ခိုက်ခံခဲ့ရတဲ့နေရာကို ပြန်ရောက်လာသည်။ မြေပြင်ပေါ်၌ လူသေအလောင်းများနဲ့ မြားများ ရှုပ်ထွေးနေရုံမှအပ တခြား ဘာမျှရှိမနေပေ။ သစ်ပင်တို့၌ ထောင်ချောက်မိနေတဲ့ ပင်လယ်ဓားပြ အနည်းငယ်ကလည်း သေနေကြပြီ ဖြစ်သည်။ တွဲလောင်းကျ သေဆုံးနေတဲ့ ပင်လယ်ဓားပြတိုင်းရဲ့ လည်ပင်းမှာ တစ်စုံတစ်ယောက်က ဓားဖြင့် လှီးဖြတ်ထားသည့် ခွဲကြောင်းအရာရှိနေသည်။ ထိုကွဲကြောင်းမှ သူတို့ရဲ့သွေးများက မြေပြင်ပေါ်သို့ အဆက်မပြတ် စီးကျနေသည်။

သက်တန့်ရောင်မိန်းမပျို Book 2 (MMTranslation)Where stories live. Discover now