အပိုင်း ၂၂၉ - စောင့်စားနေခဲ့ရတဲ့ သားဖွားမှု

3.2K 372 8
                                    

[Unicode]

အပိုင်း ၂၂၉ - စောင့်စားနေခဲ့ရတဲ့ သားဖွားမှု

"မဖြစ်ဘူး! သင်္ဘောဆိပ်ဆောက်လုပ်တာက အရေးကြီးတဲ့အဆင့်ကို ရောက်နေပြီဆိုတော့ အဲ့ဒီမှာ ဘာပြဿနာမှ ဖြစ်လို့မရဘူး။ မွေးစားအဖေက သွားပြီး ကြီးကြပ်ဖို့လိုတယ်! ပြီးတော့ မွေးစားအဖေက ဘယ်တုန်းကမှလည်း လယ်လုပ်ဖူးတာ မဟုတ်ဘူးဆိုတော့ လာခဲ့ရင်လည်း အဟန့်အတားဖြစ်ရင် ဖြစ်နေမှာ"

ယွီရှောင်ချောင်းက သူမမွေးစားအဖေရဲ့ အကြံပြုချက်ကို ငြင်းဆိုလိုက်ပြီး ဆက်ပြောတယ်။

"ဒါမှမဟုတ် မနက်ဖြန် အမေက အရှေ့ကနေ ကျင်းလေးတွေတူးပြီး သမီးက အစေ့တွေ ကျဲရင်ရော အဲ့လိုဆို အဆင်ပြေမလား"

ဖန်းဇီကျန်းက ဆက်ပြီး ငြင်းတယ်။

"မင်းလက်က ဒဏ်ရာရထားတာလေ။ တော်ကြာ အညစ်အကြေးတွေပေပြီး ပိုးဝင်ကုန်ရင် ဘယ်နှယ့်လုပ်မလဲ? အဲ့အခါကျ ကူညီရာမရောက်ဘဲ ပိုပြီး ဒုက္ခဖြစ်ကုန်မှာပေါ့!"

ရှောင်လျန်နဲ့ ယွီဟန်က ကတိုက်ကရိုက်နဲ့ ပြိုင်တူပြောလာတယ်။

"မနက်ဖြန် သမီး ဆိပ်ကမ်းမသွားတော့ဘူး (ကျွန်တော် ပင်လယ်စာ မစုတော့ဘူး) အဲ့အစား ယာခင်းထဲမှာ ကူလိုက်မယ်!"

"ဟုတ်ပြီ! အားလုံး တော်လိုက်ကြတော့!! မြေက ဆယ်မူလောက်လေးနဲ့ မင်းတို့ အားလုံးက သိပ်ကို ဗျာများနေကြတာပဲ။ နောက်နောင် ငါတို့ တစ်ရာမူလောက်ရှိတဲ့ လယ်ကွက်ကောင်းကောင်းတွေ ဝယ်တဲ့အခါကျရင် မင်းတို့တွေ စိတ်ပူရလွန်းလို့ ညတောင် အိပ်ပျော်ကြပါ့မလား? ကဲ ဆုံးဖြတ်ပြီးပြီ။ မနက်ဖြန် မင်းတို့အမေနဲ့ ငါက ချောင်းအာနဲ့အတူတူ လယ်ကွင်းထဲမှာ အလုပ်ဆက်လုပ်မယ်။ ချောင်းအာက ဘာမှ မလုပ်ဘဲ ဘေးကနေပဲ အမှားမဖြစ်အောင် စောင့်ကြည့်ပေး! အားလုံး ကိုယ်လုပ်စရာ ရှိတာကိုပဲ လုပ်ကြ!"

ဒီတစ်ခါတော့ ယွီဟိုင်က အိမ်ထောင်ဦးစီးအနေနဲ့ ဦးဆောင်ပြီး နောက်ဆုံး ဆုံးဖြတ်ချက်ကို ချလိုက်တယ်။

မအိပ်ခင်မှာ ရှောင်ချောင်းက ခါတိုင်းလိုပဲ အနောက်ဘက် ခြံဝိုင်းကအိမ်ကို သွားပြီး သူမ မွေးစားအမေရဲ့ သွေးခုန်နှုန်းကို သူမရဲ့ပတ်တီးစည်းထားတဲ့ လက်သေးသေးလေးနဲ့ စမ်းကြည့်တယ်။ သူမ မွေးစားအမေက ကိုယ်ဝန်ဆောင်နေရပေမယ့် သင့်လျော်တဲ့ အစာ စားသောက်ပုံနဲ့ အံ့ဖွယ်ကျောက်တုံးရေရဲ့ အားဖြည့်မှုကြောင့် သူမရဲ့ကျန်းမာရေးက ထန်ကူမြို့ကို ရောက်စကထက် ပိုမို ကောင်းမွန်လာတယ်။ ယွီရှောင်ချောင်းက စိတ်သက်သာရာရသွားပြီး သူမလက်ကို ဖယ်လိုက်တယ်။
သခင်မဖန်းက ဝက်ခြေထောက်ခွာလို ထုပ်စည်းထားတဲ့ သူမရဲ့လက်ကလေးကို အသာဆွဲယူလိုက်တယ်။ သူမရင်ထဲ အနည်းငယ် စိတ်မကောင်းဖြစ်သွားရင်း ရှောင်ချောင်းကို စနောက်လိုက်တယ်။

သက်တန့်ရောင်မိန်းမပျို Book 2 (MMTranslation)Donde viven las historias. Descúbrelo ahora