အခန်း ၂၈၇ (အမေဘက်မှဆွေမျိုးများ)

2.8K 280 0
                                    

[Unicode]

အခန်း ၂၈၇ (အမေဘက်မှဆွေမျိုးများ)

လျိုချွေ့ကျင်း သူ့သမီးကို မြင်မြင်ချင်း ပထမဆုံးတွေးမိလိုက်တာက စားစရာမရှိလို့ ဒီကိုရောက်လာတာများလားဆိုပြီး။ ဒါကြောင့် သူ့သမီးကိုပေးဖို့ အိမ်ထဲက ဂျုံတွေတောင် အများကြီး ထုတ်လာသေးတယ်။ အမျိုးသမီးလျိုခမျာကျေးဇူးတင်လွန်းလို့ ကျလာတဲ့ မျက်ရည်တွေကို ဘယ်လိုအားအင်တွေနဲ့များ ထိန်းချုပ်ထားနိုင်တော့မလဲ?
ရှောင်ချောင်းရဲ့(အမေဘက်က)အဘွားဖြစ်သူ,အမျိုးသမီးယောင်မှာ သူမသမီး ထိုကဲ့သို့ တိတ်တခိုး ငိုနေတာကို မြင်တော့ ချက်ချင်းစိုးရိမ်စိတ်တွေ တိုးလာပြီး
ဘာဖြစ်တာလဲ သမီး? ဘာကိစ္စပဲဖြစ်ဖြစ် အမေတို့ကို ပြောပြလို့ရတယ်..အမေတို့ အတူတူဖြေရှင်းရင် အခက်အခဲတွေအားလုံးကို ကျော်ဖြတ်နိုင်မှာပါ!
အမျိုးသမီးလျိုရဲ့ ယောက်မကြီးဖြစ်သူ အမျိုးသမီးဟန်မှာလည်း စိုးရိမ်တကြီးနဲ့ သူမဆီအပြေးရောက်လာတယ်။ အမျိုးသမီးလျိုက သူမမျက်ရည်စတွေကို သုတ်လိုက်တယ်။ သူမရယ်ပြလိုက်တဲ့အချိန်မှာ အပြုံးတစ်ခု ထွက်ပေါ်လာပြီး
ဘာမှမဟုတ်ပါဘူး.. ဒီအတိုင်း အားလုံးကို သတိရနေလို့ပါ.. ဒီကိုလာတယ်ဆိုတာလည်း အားလုံးအဆင်ပြေလားဆိုတာ သိချင်လို့..ပြီးတော့ ဆန်တွေဘာတွေလည်း လိုနေမလားဆိုပြီး!
လျိုချွေ့ကျင်းလည်း သူ့သမီး အဆင်ပြေပြေရှိနေတယ်ဆိုကာမှပဲ စိတ်သက်သာရာ ရသွားတော့တယ်။ သူက ရယ်သံပြုရင်း
အဖေတို့လည်း အဆင်ပြေပါတယ်! အဖေတို့ သမီးရဲ့ အမှာစာရပြီးတာနဲ့ အလောတကြီး ဂျုံစိမ်းတွေကို ရိတ်သိမ်းနိုင်ခဲ့လို့သာပေါ့! တစ်မူကို ကျင်းဒါဇင်လောက် ရခဲ့တယ်လေ.. နန်းတော်ကပို့ပေးတဲ့ ကယ်ဆယ်ရေးရိက္ခာက ဆန်တွေပါပေါင်းလိုက်ရင် လတော်တော်ကြာတဲ့အထိ တောင့်ခံနိုင်တယ်.. သမီးတို့မိသားစုရော? ကျိုင်းကောင်တွေကြောင့် ပြောင်းနဲ့တခြားစိုက်ခင်းတွေ ပျက်စီးသွားသေးလား?
အမျိုးသမီးယောင်က သူ့ယောကျာ်းကို အမြင်ကပ်တဲ့ အကြည့်တစ်ချက် ပစ်ပေးလိုက်ပြီး
ရှင်တို့သားအဖနှစ်ယောက်က ဒီနားမှာပဲ တစ်ချိန်လုံး ရပ်ပြောနေတော့မှာလား? အပေါက်ဝမှာ ပိတ်မနေနဲ့ သမီးလေးကို အထဲဝင်ထိုင်ခိုင်းလိုက်ပါဦး!
ဘိုးဘိုး..ဘွားဘွား!
ရှီထုန်လေးက ဂျုံအိတ်တွေပေါ်မှာ ထိုင်နေတာဖြစ်ပြီး ခုလေးတင်မှ သူ့ကို အောက်သို့ချပေးထားတာဖြစ်တယ်။ အောက်သို့ရောက်လျှင်ရောက်ချင်းပဲ သူက အိမ်ပေါက်ဝက အဘိုးနဲ့အဘွားဆီကို အော်ဟစ်နှုတ်ဆက်ရင်း အပြေးသွားတယ်။
ယွီရှောင်ချောင်းလည်း သူ့နောက်ကနေ လိုက်ပါလာပြီး အဘိုးအဘွားတို့ကို အရိုအသေ ပေးလိုက်တယ်။ ထို့နောက် အမျိုးသမီးဟန်နဲ့ အမျိုးသမီးပျန်တို့ရှိရာ ခြံဘက်ဆီကို မျက်နှာမူရင်း သူတို့အားလည်း ဂါရဝပြုလေတယ်။
(အမေဘက်က)အကြီးဆုံးအရီး..တတိယအရီး..
အဖွားယောင်က ဝမ်းသာစွာနဲ့ ရှီထုန်လေးကို သူမလက်မောင်းတွေထဲ ထွေးပွေ့လိုက်ပြီး လက်တစ်ဘက်ကိုတော့ ရှေ့သို့ဆန့်ကာ ရှောင်ချောင်းရဲ့ခေါင်းကို ပွတ်ပေးနေပြီး သူမမျက်လုံးထောင့်တွေ ကွေးညွှတ်သွားသည်အထိ ပြုံးနေတယ်။
အို! အဘွားရဲ့ ရှောင်ချောင်းနဲ့ ရှီထုန်လေးပါ လိုက်လာတာလား? မျက်နှာသေးသေးလေးတွေကို ကြည့်ပါဦး..နေလောင်လို့ နီရဲနေရော...လာ..လာ.. အိမ်ထဲဝင်ရအောင်..ဒီအဘွားက သောက်ဖို့သကြားရည် လုပ်လာပေးမယ်!
ရှီထုန်လေးက အလိုက်သိစွာနဲ့ ပြန်ဖြေလာတယ်။
ရပါတယ်ဗျ.. အဘွား..သားတို့က ရေမဆာသေးပါဘူး! ခုတော့ ဆန်ဖွတ်တာ ကူပေးပါရစေနော်?
ပြောနေရင်း သူက အဖွားယောင် ထိုင်နေခဲ့တဲ့နေရာက စပါးနှံကိုယူလိုက်ပြီး သူ့လက်ကလေးနှစ်ဘက်နဲ့ စတင်ပြီး ပွတ်နေတော့တယ်။
အဖွားယောင်က အလျင်အမြန်ပဲ သူ့ကိုသတိထားဖို့ နားချတယ်။
ဂရုစိုက်ပြီးလုပ်နော်..ဆန်ဖွတ်ရင်း လက်အနာမရသွားစေနဲ့! အဘွားရဲ့ ရှီထုန်လေးလက်က စာရေးဖို့နဲ့ စာသင်ဖို့သုံးရဦးမှာ..တစ်ခုခုသာ ထိခိုက်သွားလို့ ဆရာတွေပေးတဲ့ အိမ်စာတွေ မလုပ်နိုင်ရင် ဘယ်လိုလုပ်မလဲ?
ယွီဟိုင်တစ်ယောက်တော့ အိမ်ပြင်မှာ နေရစ်ခဲ့ပြီး လှည်းပေါ်က ကုန်တွေကို ချနေတယ်။ လျိုမိသားစုရဲ့ အိမ်နီးနားချင်းတွေလည်း အသံဗလံတွေကြားတော့ ထွက်ကြည့်ကြတယ်။ လှည်းအပြည့်သယ်လာတဲ့ ဂျုံအိတ်တွေကိုလည်း မြင်ရော အားကျမှု၊ မနာလိုမှုတွေကြောင့် သူတို့မျက်လုံးတွေပင် နီရဲလို့လာတယ်။
လူတိုင်းက လူကြီးမင်းလျိုရဲ့သမီးကို ချက်ခေါင်းမိထားတယ်ဆိုပြီး ပြောနေကြတာ! အဟုတ်ပဲကို! ကြည့်ပါဦး! ဒီချိန် ဂျုံတွေ၊ ဆန်တွေက ဒီလောက်ဈေးကြီးနေတာကို သူတို့က လှည်းအပြည့်ကို သယ်လာတယ်ဗျား!
ဟုတ်တယ်..ဟုတ်တယ်! လှည်းတစ်စီးစာဆိုတော့ ကျင်းလေးရာ ငါးရာလောက် ရှိမှာပဲမလား? သူတို့သာ သေသေချာချာ စားမယ်ဆိုရင် လျိုမိသားစုကတော့ အစားအသောက်အတွက် လပေါင်းများစွာထိ စိတ်ပူစရာ မလိုတော့ဘူး!
အရင်တုန်းကတော့ မင်းပဲ လူကြီးမင်းလျိုရဲ့သမီးကို မညှာတာတတ်တဲ့ အမေရဲ့သား၊ လူဆင်းရဲတစ်ယောက်နဲ့ယူခဲ့လို့ ရယ်ခဲ့သေးတယ်မလား? သူမ ဒီကြားထဲ အတော်လေး ခက်ခဲခဲ့လောက်မှာ! လူကြီးမင်းလျိုမိသားစုက သူတို့သမီး လက်ထပ်သွားတဲ့အချိန်ထိ လိုက်ထောက်ပံ့ပေးနေရတာ.. ခုတော့လည်း ကြည့်ပါဦး! သူတို့သာ သူတို့ရဲ့သားမက်က ဒီလိုကြီး ကံမြင့်လာမယ်မှန်းသိခဲ့ရင် အရင်က ထောက်ပံ့ပေးတာထက်ပိုပြီး များများထောက်ပံ့ပေးခဲ့ရင်တောင် အရှုံးရှိမှာမဟုတ်ဘူး!
ဒါပေါ့! ဂျုံအိတ်တွေ လှည်းအပြည့်ဆိုတာ လျန်ဒါဇင်ချီကုန်မှာ! အား! ဦးလေးလျိုခမျာ အရင်က ပေးခဲ့ဖူးသမျှ အကုန်ပြန်ရသွားပြီပေါ့!?
အိမ်နီးနားချင်းတွေရဲ့ အားကျမှုတွေရော မနာလိုမှုတွေရော ရောယှက်နေတဲ့ အကြည့်တွေအောက်မှာ ယွီဟိုင်တစ်ယောက် ဂျုံအိတ်တွေကို သူ့ပုခုံးဝယ်ထမ်းပြီး ခြံထဲသို့ ဝင်လာခဲ့တယ်။ လျိုချွေ့ကျင်းခမျာ သူ့သမီး ပြန်ရောက်ကတည်းက သမီးနဲ့ပဲ အတိုးချ စကားပြောနေလိုက်တာ ခုမှပဲ သူ့သားမက်က အပြင်မှာပဲ ရှိနေတုန်းဆိုတာ သတိပြုမိတယ်။ သူ့သားမက်က ဂျုံအိတ်ထမ်းပြီးဝင်လာတာကိုမြင်တော့ မျက်ခုံးကျုံ့ရင်း ဆိုလာတယ်။
အလည်ပြုတာက တစ်ကဏ္ဍ! ဂျုံအိတ်တွေ ဘာလို့ သယ်လာရတာတုန်း? ငါ့မိသားစုက ကိုယ့်သမီးနဲ့ သားမက်ကိုတောင် မထောက်ပံ့နိုင်တော့လောက်အောင် ချွတ်ခြုံကျနေတဲ့ပုံ ပေါက်နေလို့လား?
အမျိုးသမီးလျိုက ချက်ချင်းပဲ သူ့ယောကျာ်းအစား ဝင်ပြောလိုက်တယ်။
အဖေ..သမီးတို့က အဲ့သဘော မဟုတ်ရပါဘူး! သမီးတို့ အရင်ကတည်းက ဂျုံ၊ဆန်တွေတော်တော်များများ သိုလှောင်ထားတာ..ပြီးတော့ တော်ဝင်မင်းသားလေးကလည်း လှည်းနှစ်စီးအပြည့် ဆန်တွေ ထောက်ပံ့ပေးခဲ့သေးတာလေ.. သမီးတို့မိသားစုတစ်ခုတည်း ဒါတွေအားလုံး စားကုန်မှာ မဟုတ်ဘူး..အဲ့တာကြောင့်ပဲ တချို့တလေကို ဒီကိုလာရင်း တစ်ခါတည်း ခွဲယူလာခဲ့တာ!
လျိုချွေ့ကျင်းရဲ့ လေသံထဲတွင် ဘဝင်မကျမှုတွေ စွက်လို့နေသေးတယ်။
ငါတို့က ကပ်ဘေးထဲရောက်နေတာ..ဒါကြောင့် သိုလှောင်ထားတာများလေ ကောင်းလေပဲ! ကျိုင်းကောင်တွေဆိုတာလည်း ဆောင်းရောက်တဲ့အချိန်မှပဲ ခဲပြီးသေသွားကြမှာ.. အဲ့တာမို့ နောက်နွေဦးထိ ဘာအပင်မှ စိုက်လို့ရလောက်ဦးမှာ မဟုတ်ဘူး! မင်းတို့မိသားစုမှာ ဂျုံအိတ်တွေဘယ်လောက်တောင်ရှိလို့ စားမကုန်တောင် ဖြစ်ရတာလဲ? အားလုံးကို ခုချက်ချင်း ပြန်ယူသွား!
ယွီရှောင်ချောင်းက အလျင်အမြန် ပါဝင်ပြောလာတယ်။
အဘိုး! သမီးတို့အတွက် စိတ်မပူပါနဲ့! သမီး လျှို့ဝှက်ချက်တစ်ခုကို ပြောပြမယ်.. တော်ဝင်မင်းသားလေးက သမီးတို့ကို ကျင်းနှစ်ထောင်ရှိတဲ့ ဆန်အိတ်တွေကို ပေးထားတာ..ပြီးရင် ပြောင်းဖူးကိုလည်း ကျင်းသုံးထောင်ထိ ရိတ်သိမ်းနိုင်ခဲ့တာ.. အဲ့တာကြောင့် တစ်နေ့တစ်နေ့ ဗိုက်ကားအောင် စားရင်တောင် တစ်နှစ်ကုန်တဲ့အထိ စားလို့ကုန်မှာမဟုတ်ဘူး!
ရှီထုန်လေးကလည်း ပြောလာတယ်။
ဒုတိယအစ်မက ကျိုင်းကောင်တွေကို သတ်နိုင်၊ရှင်းထုတ်နိုင်တဲ့ ပိုးသတ်ဆေးကိုလည်း ပြုလုပ်ထားသေးတယ်! ခုဆို သားတို့ခြံထဲမှာ ဟင်းရွက်တွေများကြီး ပြန်စိုက်ထားလို့ အမြင့်ကြီးတောင် ဖြစ်နေကြပြီ!
ရှီထုန်လေးက လက်ကလေးနဲ့ပါ ဟန် ပြလိုက်သေးတယ်။
အဖွားယောင်မှာ အံ့အားသင့်သွားသလို ပျော်လည်းပျော်သွားရတယ်။
ကျိုင်းကောင်တွေကို ရှင်းနိုင်တဲ့ ပိုးသတ်ဆေး? ဒါဆို တို့တွေ အခု ပဲပိစပ်စိုက်လို့ရပြီပေါ့?
လျိုချွေ့ကျင်းက သူ့ဇနီးထက် ပို၍လေးလေးနက်နက် တွေးတောရင်း တည်တည်ငြိမ်ငြိမ်နဲ့ မေးခဲ့တယ်။
ချောင်းအာ.. ဒီပိုးသတ်ဆေးကိုလုပ်ရင် အများကြီး ကုန်ကျလား? တစ်မူစာ သုံးမယ့်ပိုးသတ်ဆေးပမာဏဆိုရင် ဘယ်လောက်ကုန်လောက်မလဲ?
ယွီရှောင်ချောင်းက အံ့အားသင့်နေတဲ့ (အမေဘက်က)သူမအဘွားကို ကြည့်ရင်း တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်တယ်။
ဒီပိုးသတ်ဆေးထဲမှာသုံးရမယ့် ပါဝင်ပစ္စည်းနှစ်မျိုးက ဈေးတော့နည်းနည်းကြီးတယ်.. မြေလေးမူ-ငါးမူလောက်ထိ သုံးလို့ရမယ့် ပိုးသတ်ဆေးတစ်ကျင်း ဖော်ဖို့ဆိုရင် အနည်းဆုံး ငွေငါးလျန်လောက်တော့ ကျလိမ့်မယ်!
ရှောင်ချောင်းရဲ့အဘွားက တစ်မူကို ငွေတစ်လျန်ကျတယ်လည်း ကြားရော ချက်ချင်းပဲ လက်လျော့သွားတယ်။
ပဲပိစပ်တစ်မူမှ ကြေးဒင်္ဂါးရာဂဏန်းလောက်ပဲရောင်းရမှာ.. ပိုးသတ်ဆေးသုံးလည်း မထူးပါဘူး.. အရင်းပြုတ်မှာပဲ အဖက်တင်ဦးမယ်! အား! ဒါက လုံးဝကိုမဟန်မယ့် လုပ်ငန်းပဲ!
ယွီရှောင်ချောင်း ရယ်လိုက်ရင်း
သမီးတို့ အများကြီး စိုက်လို့ရမှာ မဟုတ်ဘူး.. ဒါပေမယ့် ဆောင်းဦးဟင်းရွက်တွေနဲ့ တခြားရာသီသီးနှံတွေကိုတော့ စိုက်လို့ရမှာပါ.. အဲ့ဒါမှ လာမယ့်ဆောင်းတွင်းမှာ စားဖို့ဟင်းရွက်တွေကျန်ခဲ့မှာ..အဘွား, သမီး အဘွားအတွက် ပိုးသတ်ဆေးတစ်ပုလင်း ယူလာခဲ့တယ်.. နေ့တိုင်း အပင်တွေ လောင်းတဲ့ရေထဲမှာ ပိုးသတ်ဆေး တစ်စက်နှစ်စက်လောက် ထည့်ရောပြီး အပင်တွေကိုလောင်းပေး.. လာသမျှကျိုင်းကောင်တွေအကုန် အစုလိုက် သေစေရမယ်လို့ အာမခံတယ်!
အမျိုးသမီးဟန်ရဲ့ အငယ်ဆုံးသမီးလေးဖြစ်တဲ့ လျိုဖေးယန်မှာ ယွီရှောင်ချောင်းလက်ထဲက ပုလင်းအား အထူးတဆန်း ကြည့်နေခဲ့တယ်။ ထို့နောက် သူမ တိတ်တိတ်ကလေး မေးလိုက်တယ်။
ဒါက အစွမ်းထက်တာလား? အမေ..သမီးတို့ ဟင်းရွက်ခင်းသွားပြင်လို့ရပြီလား? မြန်မြန်ပြီးလေ အစေ့တွေ မြန်မြန်ပျိုးလို့ရလေပေါ့!
သိမ်မွေ့ပြီး ချိုသာတဲ့ သဘောထားရှိတဲ့ အမျိုးသမီးပျန်က သူမခေါင်းကို အသာအယာ ယမ်းလိုက်တယ်။
ဒါတွေကို အမေတို့ရဲ့ ဟင်းရွက်ခင်းထဲ စိုက်လို့မရသေးဘူး! စဉ်းစားကြည့်လေ.. ဒီလိုချိန်မှာ ဘယ်သူဘယ်ဝါမှ ဘာမှစိုက်စားလို့ မရသေးဘူး.. အမေတို့သာ တစ်ခုခုစိုက်လိုက်ရင် သူခိုးတွေကပ်တာပဲ ရှိလိမ့်မယ်.. အမေ့အမြင်တော့ ခြံနောက်ဖေးမှာပဲ မုန်လာဥဖြူတို့ ဂေါ်ဖီတို့စိုက်ဖို့ ပြင်ဆင်ရင် ကောင်းမယ်.. ဟင်းရွက်ခြောက်တွေပါ ထပ်ပေါင်းလိုက်ရင် ဆောင်းကုန်တဲ့အထိ စားဖို့အလုံအလောက် ရှိလောက်တယ်!
(အမေဘက်က)ဒုတိယဦးရီးရဲ့ အငယ်ဆုံးသမီးလေးဖြစ်သူ လျိုဖေးယန်ဟာ သူမရဲ့ လုံးဝန်းတဲ့မျက်လုံးနှစ်ဘက်ကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ပြောတယ်။
ဘာပဲဖြစ်ဖြစ် အိမ်ကကြက်တွေအားလုံးကိုလည်း အစောကတည်းက သတ်ပြီးကုန်ပြီဆိုတော့ ကြက်ခြံတွေကိုဖြိုပြီး အဲ့နေရာမှာ ဟင်းရွက်စိုက်လိုက်ရင်ရော? အဲ့တာဆိုရင် ဆောင်းဦးမှာ ဟင်းရွက်စိမ်းလေးဘာလေး စားစရာရှိတာပေါ့!
(အမေဘက်က)အကြီးဆုံးဦးရီး၊ ဒုတိယအရီး၊ အငယ်ဆုံးဦးရီးနဲ့ ဒုတိယဦးရီးရဲ့သား လျိုကျီဝေတို့အားလုံးက အလုပ်ထွက်လုပ်နေကြလို့ အိမ်မှာမရှိကြဘူး။ အိမ်မှာမရှိတဲ့သူတွေကလွဲလို့ ကျန်ရှိတဲ့ လျိုမိသားစုမှ အိမ်သားအားလုံးက ရှောင်ချောင်းအနားဝိုင်းပြီး ဘယ်လို ဟင်းရွက်ပင်စိုက်ပျိုးရမလဲဆိုတာကို ဆွေးနွေးနေကြတယ်။
အဖွားယောင်က ဘေးနားက လူအချို့ကို တွန်းထုတ်ပြီး လူကြားတွေအလယ်က ရှောင်ချောင်းကို ကယ်ထုတ်လာခဲ့တယ်။ ပြီးနောက် သူမက တပြုံးပြုံးနဲ့ အားလုံးကို ပြစ်တင်မောင်းမဲလိုက်တယ်။
ခုတော့ အားလုံးလုပ်စရာရှိတာ လုပ်ထားလိုက်ကြဦး! ဘာအပင်စိုက်ရမလဲဆိုတာ ညနေကျမှ ဆက်ဆွေးနွေးလို့ရတာပဲ! ချောင်းအာ ..အဘွားနဲ့ အထဲလိုက်ခဲ့.. ရေအေးအေးလေးနဲ့ မျက်နှာအရင်သစ်လိုက်ဦးနော်!
ရှောင်ချောင်းရဲ့(အမေဘက်က)အရီးနှစ်ယောက်လည်း သူတို့ကလေးတွေကို ယခင်ထိုင်လတ်စနေရာဆီ ပြန်ခေါ်သွားပြီး ဆန်ကိုသာ ဆက်လက်ဖွတ်နေကြတယ်။ (အမေဘက်က)ဒုတိယဦးရီး,လျိုဟန်က ယွီဟိုင်နဲ့အတူ လိုက်သွားပြီး လှည်းပေါ်က ဂျုံအိတ်တွေကို အိမ်ရဲ့သိုလှောင်ခန်းဆီ သယ်သွားကြတယ်။ လျိုချွေ့ကျင်းနဲ့ သူ့ဇနီးကတော့ သူတို့တွေကို ကြည့်နေရင်း ပါးစပ်ထဲကလည်း တတွတ်တွတ်နဲ့
သမီးရယ် ဘာလို့ ဒီလောက်အများကြီး ပေးလာရတာလဲ? အိမ်မှာ စားစရာမလောက်တော့ရင် ဘယ်လိုလုပ်မလဲကွယ်! တစ်ဝက်လောက်ပြန်သယ်သွားလိုက်ပါလား?
အမျိုးသမီးလျိုက သူမမိဘနှစ်ပါးကို အခန်းထဲသို့ ဆွဲခေါ်သွားပြီး ရယ်ရယ်မောမောနဲ့ ပြောလိုက်တယ်။
အဖေ..အမေ! အဖေတို့သမီးနဲ့ အဖေတို့သားမက်က သားသမီးဝတ်ကျေပွန်အောင် ကြိုးစားနေတာလေ! ဒါကြောင့် ဒီလက်ဆောင်ကို လက်ခံပေးလို့မရဘူးလား? ဒီကြားထဲ ဆန်ဈေးတွေတက်နေသေးရင် သမီးထပ်ပို့ပေးပါရစေ!
အရွယ်ကောင်းထဲရောက်နေတဲ့ အမျိုးသားနှစ်ယောက်ဟာ အကြိမ်ရေ အနည်းငယ်လောက် အသွားအပြန်လုပ်လည်းပြီးရော သိုလှောင်ခန်းထဲကို ဂျုံအိတ်တွေ ထည့်လို့ပြီးစီးသွားတယ်။ လျိုဟန်က သူ့လက်နှစ်ဘက်ကို ပွတ်ရင်း လျိုချွေ့ကျင်းကို ပြောလာတယ်။
အဖေ..ညီမလေးက ဆန်ကောင်းတွေပဲ ယူလာတာ.. စုစုပေါင်း ဂျုံဖြူခုနှစ်အိတ်နဲ့ ဆန်ချောသုံးအိတ်..ကြည့်ပါဦး..
သူမအဘိုး ခွန်းတုံ့မပြန်ခင်မှာပဲ ယွီရှောင်ချောင်းက လျှပ်တပြတ် ဝင်ပြောလိုက်တယ်။
အဘိုး.. တော်ဝင်မင်းသားလေးက ဆန်ချောတွေပဲ ပေးလာတာ..အဲ့တာကြောင့် ဆန်ကြမ်းရှိလားမေးရင် တကယ်ကို သမီးတို့မိသားစုမှာ ပေးစရာမရှိဘူးလို့ပဲ အားနာနာနဲ့ ပြန်ဖြေပါရစေ!
လျိုချွေ့ကျင်းက ထိုစကားကိုလည်းကြားရော ပြောတော့မယ့် စကားတွေကို ပြန်ပြီးသာ မြိုချလိုက်တယ်။ သူ့သမီး၊သားမက်နဲ့ မြေးလေးတွေကို ကြည့်တဲ့အချိန်မှာ သူ့မျက်နှာထက်မှာ အပြုံးပန်းတွေ ပွင့်လန်းလို့နေတယ်။
ဒါဆိုရင်လည်း ဒီလိုသိတတ်မှုကို လက်ခံလိုက်ရတာပေါ့! နောက်ဆိုရင် မိသားစုထဲမှာ လုပ်စရာအလုပ်အရမ်းများလို့ လူမနိုင်ရင် ငါတို့ကို သတိရဖို့မမေ့နဲ့.. ငါတို့မိသားစုက ငွေများများစားစား မရှိပေမယ့် အလုပ်ကြမ်းလုပ်နိုင်တဲ့ ဗလတောင့်တဲ့ ယောကျာ်းသားတွေတော့ ရှိမှရှိပဲ! အိမ်ကလူငယ်လေး ကျီမင်တောင် လူကြီးအလုပ်ထက်ဝက်စာလောက်ကို လုပ်နိုင်နေပြီ!
ပြောနေရင်းမှပဲ လူကြီးမင်းလျိုက နန်းတော်အတွက် သူ့သားမက် စိုက်ပေးထားတဲ့ ပြောင်းဖူးဆယ်မူအကြောင်းကို ရုတ်တရက် အမှတ်ရသွားပြီး
အာ..သာ့ဟိုင်, မင်းရဲ့ ပြောင်းစိုက်ခင်းတွေရော ဘယ်လိုဖြစ်သွားလဲ? အရှုံးရှိသွားသေးလား? ဒီလို ပြောင်းဖူးရိတ်သိမ်းခါနီးကျမှ ကျိုင်းကောင်ကပ် လာဆိုက်ရတယ်လို့ကွာ! မသေမျိုးဗေဒင်ဆရာသာ သတိမပေးခဲ့ရင် ပြောင်းတစ်ရိုးတောင် မကျန်လိုက်မယ့်အပြင် နန်းတော်ကပါ အပြစ်တင်လိမ့်ဦးမယ်.. ကောင်းကင်ဘုံက ငါတို့ကို စောင့်ရှောက်ပေးရှာသား! သူတို့က အမှန်ကို ငါတို့ကို အသက်ရှင်ခွင့်ပေးလိုက်တာပဲ!
ယွီဟိုင်က နှိမ့်ချစွာပြုံးရင်း
ကျွန်တော်တို့ ပြောင်းအထွက်နှုန်းက အတော်လေး ကောင်းခဲ့ပါတယ် အဲ့အတွက်လည်း မင်းသားလေးက ကျေးဇူးတင်နေတာ.. သူ အစောပိုင်းလောက်လာပြီး လှည်းဒါဇင်နဲ့ချီ ပြောင်းဖူးတွေ လာသယ်သွားတယ်.. သူက ကျွန်တော်တို့အတွက် ဆုကြေးတောင်းပေးမယ်လို့ပါ ပြောသွားလိုက်သေးတယ်!
လျိုဟန်က လယ်စိုက်တဲ့နေရာမှာ ကျွမ်းကျင်တယ်။ သူက ငြိမ်ငြိမ်သက်သက်လေး တွက်ချက်လို့နေတယ်။ လှည်းဒါဇင်နဲ့ချီ၊ တစ်လှည်းကို ဆန် ၅၀၀-၆၀၀ကျင်း။ ဒါဆိုရင် ညီမလေးယောကျာ်းရဲ့ မိသားစုက သူတို့ရဲ့ဆယ်မူစိုက်ခင်းကနေ ပြောင်းပမာဏ တစ်သောင်းကျင်းထိထွက်တယ်ပေါ့ အံ့အားသင့်နေတဲ့ အသွင်အပြင်က သူ့မျက်နှာပေါ်ဖြန့်ကျက်နေတယ်။
လှည်းတွေ ဒါဇင်နဲ့ချီတာထက်ပိုတယ်? ဒါဆိုရင် တစ်မူကို ကျင်းတစ်ထောင်လောက် ထွက်တာလား! ပြောင်းကတကယ်ကို ထွက်နှုန်းသန်တဲ့ သီးနှံပါလား? ပြောင်းခင်းတစ်မူက ငါတို့ဆီက ပုံမှန်ဟင်းရွက် ခြောက်မူ ခုနှစ်မူနီးနီး ရှိတာပဲ!
ယွီရှောင်ချောင်းက ဝမ်းသာအားရ ပြုံးလိုက်ကာ
(အမေဘက်က) ဒုတိယဦးရီး..ပြောင်းဖူးသာ ပေါပေါလူလူ စိုက်လို့ရလာတဲ့ အချိန်ကျရင် အဲ့တာက ဆန်ကြမ်းအနေနဲ့ပဲ သတ်မှတ်ကြမှာ! ဒါကြောင့် နှံစားပြောင်းတွေလိုပဲ သူလည်းဈေးကြီးမှာမဟုတ်ဘူး!
လျိုဟန်က ဆိုလိုရင်းကို လျင်လျင်မြန်မြန်သဘောပေါက်သွားတယ်။
ဆန်ကြမ်းရဲ့ဈေးက များသောအားဖြင့် ဆန်ချောရဲ့ တစ်ဝက် ဒါမှမဟုတ် သုံးပုံတစ်ပုံစာပဲကျတာ.. အဲ့တာတွေအရဆိုရင် ပြောင်းစိုက်တာက အတော်လေးမြတ်တာပဲ! ပြီးရင် ထွက်နှုန်းသန်တဲ့အပင်တွေ ပျိုးထားရင် အစာပြတ်လပ်မှုလည်း မရှိလာနိုင်တော့ဘူးမလား? ငါတို့ဗိုက်အဝစားရင်တောင် ပြောင်းခင်းအားလုံးကို စားမကုန်နိုင်ဘူး!
ယွီရှောင်ချောင်းက ကြက်သွန်ကို ငရုတ်ဆုံထဲထောင်းသကဲ့သို့နှယ် ခေါင်းလေးကို အထက်အောက် ငုတ်ချည်ပေါ်ချည် ပြုလိုက်ပြီး
ဟုတ်ပါ့ ဟုတ်ပါ့! စားမကုန်ရင်တောင် ကြက်တွေ ဝက်တွေကို ကျွေးလို့ရသေးတယ်.. တိရစ္ဆာန်တွေ ဝဖြိုးလာရင် ပြန်သတ်စားလို့ရတာပေါ့.. နောက်နောင်ဆိုရင်တော့ အသားဟင်းပါတဲ့ ထမင်းဝိုင်းစားရဖို့ကို နှစ်သစ်ထိ စောင့်နေစရာမလိုတော့ဘူး!!
ရှောင်ချောင်းကိုကြည့်နေတဲ့ လျိုကျီမင်ရဲ့မျက်လုံးတွေဟာ ရွှမ်းစိုပြီး အရောင်များလက်လို့နေတယ်။
ဝမ်းကွဲညီမ.. ညီမလေး ပြောပုံအရဆိုရင် အစ်ကိုတို့မိသားစုက တစ်ပတ်ကို အသားဟင်းတွေ မကြာမကြာ စားလို့ရပြီပေါ့?
အမျိုးသမီးပျန်မှာ သူမသားရဲ့ နဖူးလေးကိုတို့ရင်း ရယ်မောကျနေတယ်။
ငါ့သားကတော့လေ အစားကြီးတဲ့ ကြောင်ပေါက်လေးကျလို့ပဲ အငယ်လေးတွေ ရယ်မှာတောင် ဂရုမစိုက်နိုင်တော့ဘူး..ကြည့်ပါဦး! အရင်နှစ်တွေတုန်းကရော ကောင်းကောင်းမွန်မွန် မစားခဲ့ရလို့လား ပြော?
လျိုမိသားစုရဲ့ အိမ်အခြေအနေက ခုဆိုရင် ရှီရှန်ရွာပေါ်မှာ အကောင်းဆုံး အခြေအနေရှိတယ်လို့ ပြောရမယ်။ လျိုမိသားစုရဲ့ အကြီးဆုံးညီအကိုနှစ်ယောက်က သူ့ယောက်ဖရဲ့ ဖရဲရောင်းတဲ့နေရာမှာ ကူရောင်းပေးနေတာမို့ ငွေအတော်လေးဝင်တယ်။ တတိယသားဆိုရင်လည်း အနောက်ဘက်တောင်တန်းက အိမ်ယာမှာဆောက်မယ့် တော်ဝင်မင်းသားကြီးကျင်းရဲ့ စံအိမ်တော်အတွက် အလုပ်ခန့်အပ်ခြင်းကို ခံထားရတဲ့ ထူးချွန်တဲ့ လက်သမားတစ်ဦး။ လစဉ်လစဉ် ငွေနှစ်ဆယ်လျန်ဝင်နေတော့ တစ်နှစ်ဆိုလျှင် သူ့ဟာနဲ့သူ ဝင်ငွေက အတော်အသင့် ရှိလို့နေတယ်။ မိသားစုရဲ့စားဖွယ်နဲ့ အခြေအနေက တိုးတက်မြဲ တိုးတက်နေတယ်။ ယွီမိသားစုလို နေ့စဉ်နေ့ဆက် အသားဟင်း မစားနိုင်ပေမယ့် တစ်လကို မကြာမကြာတော့ အသားဟင်းစားနိုင်တဲ့ အခြေအနေရှိတယ်။
နေ့လညိရောက်တော့ အမျိုးသမီးလျိုရဲ့ ယောက်မနှစ်ယောက်က ရှောင်ချောင်းယူလာပေးတဲ့ ဘဲသားခြောက်နဲ့ အသားနှယ်တွေကိုအသုံးပြုပြီး ဟင်းပွဲတွေ ပြင်ဆင်ကြတယ်။ သူတို့က အိမ်မှာရှိတဲ့ လက်ကျန်ကြက်ဥတွေကိုလည်း ရှင်းတမ်းလုပ်ပြီး မွှေကြော်တစ်ပွဲလုပ်လိုက်တယ်။ နောက်ဆုံးတော့ ဟင်းပွဲတွေစည်ကားနေတဲ့ စားဝိုင်းတစ်ပွဲ ပြင်ဆင်ပြီးသွားတယ်။ လျိုမိသားစုဟာ အိမ်သားများတာကြောင့် လူကြီးတွေက သီးခြားစားပွဲတစ်ခုမှာ ထိုင်ပြီးကလေးတွေကတော့ သူတို့ဟာသူတို့ သပ်သပ်စားပွဲတစ်ခုမှာ နေရာယူကြတယ်။ အားလုံးက ရွှင်ရွှင်ပျပျ စကားပြောရင်း စားသောက်ပွဲကြီး ဆင်နွှဲလို့နေတယ်။

သက်တန့်ရောင်မိန်းမပျို Book 2 (MMTranslation)Hikayelerin yaşadığı yer. Şimdi keşfedin