အပိုင်း ၂၆၂ ( အမဲလိုက် အတူတူထွက်ခြင်း )

2.4K 287 1
                                    

[Unicode]

အပိုင်း ၂၆၂ ( အမဲလိုက် အတူတူထွက်ခြင်း )

နေ့လယ်လောက်ရောက်တော့ ကျူးကျွင်းယန်က ယုန်ရိုင်းနှစ်ကောင်နဲ့ ရစ်ငှက်တစ်ကောင်ကို လက်ထဲမှာကိုင်ပြီး တက်ကြွရွှင်မြူးစွာ ပြန်လာခဲ့တယ် ။ တောစပ်မှာက ထင်းကောက်တဲ့သူတွေ ၊ ဟင်းရွက်ခူးတဲ့ သူတွေ အများကြီးရှိနေတာဆိုတော့ တောကောင်က အများကြီးမရှိဘူး။ ဒါကိုတောင် အချိန်ခဏလေးအတွင်းမှာ သားကောင်တွေရလာခဲ့တယ်ဆိုတာကို ကြည့်ခြင်းဖြင့် တော်ဝင်မင်းသားငယ်ရဲ့ ကျွမ်းကျင်တဲ့ အမဲလိုက် အရည်အချင်းကို တွေ့နိုင်တယ်။
နေ့လယ်စာအတွက် ယွီရှောင်ချောင်းက ယုန်သားငရုတ်ကောင်းမွှေး ၊ ရစ်ငှက်ချဉ်စပ် ၊ ပင်လယ်စာဘဲဥဟင်း ၊ ကြက်သွန်ခုံးကောင်ကြော် ၊ အနံ့အရသာ ကောင်းလွန်းတဲ့ ပင်လယ်မျှော့ ၊ နုပ်နုပ်စင်းထားတဲ့အသားနဲ့ ချက်ထားတဲ့ ခရမ်းသီးဆီပူထိုးဟင်း ၊ တိုဖူးကမာကောင်ဟင်းရည်တို့ကို ပြင်ဆင်လိုက်တယ် ။ စုစုပေါင်း ဟင်းခြောက်ပွဲနဲ့ အရည်သောက်တစ်ခွက်ပါပြီး ဟင်းပွဲတွေကလည်း အသားရော ပင်လယ်စာရော အမျိုးစုံနေတယ် ။ အားလုံးက ဟင်းတွေကို မြိန်ရေယှက်ရေနဲ့ စားသောက်ကြတယ် ။
ထမင်းစားပြီးတော့ ကျူးကျွင်းယန်က လေးနဲ့မြှားကို အရန်သင့်ကောက်ကိုင်လိုက်ပြီး တောထဲကို ဝင်ဖို့ ပြင်တယ်။
အနောက်ဘက်တောင်က ကြီးတာမို့ ယွီမိသားစုက မင်းသားငယ် မြေအနေအထား မကျွမ်းကျင်ပြီး လမ်းပျောက်မှာကို စိုးရိမ်နေကြတယ် ။ ဒါ့အပြင် တားမြစ်နယ်မြေတွေထဲ ရုတ်တရက် မှားရောက်မိသွားပြီး အန္တရာယ်ကြုံလာမှာလည်း စိုးနေကြတယ် ။ ဒါကြောင့် အတွေ့အကြုံရှိတဲ့ မုဆိုး ယွီဟိုင်က သူတို့ရဲ့ လမ်းပြအဖြစ် လိုက်လာခဲ့တော့တယ်။
ထိုအစီအစဉ်တွေနဲ့ပတ်သက်ပြီး ယွီရှောင်ချောင်း စိတ်မချနိုင်သေးတာကြောင့် အိမ်ကနေ ထွက်လာဖို့ အကြောင်းရှာလိုက်တယ် ။ မင်းသားတို့ တောနက်ထဲဝင်သွားချိန်အထိ ရှောင်ချောင်း သူတို့နောက်မှ တိတ်တိတ်လေး လိုက်လာတယ်။
ဒီနေ့ ကျူးကျွင်းယန်က အထိန်းတော်လျို တစ်ယောက်တည်းကိုပဲ သူနဲ့အတူ ခေါ်လာခဲ့တယ် ။ လမ်းပြ တစ်ယောက်အနေနဲ့ ယွီဟိုင်က မင်းသား စိတ်အာသာပြေအောင် သမင်ရိုင်း ၊ ဒရယ်တွေနဲ့ အခြားတိရိစ္ဆာန်တွေရှိတဲ့ အနောက်ဘက်တောင် အစွန်လောက်နားဆီကိုသာ ဧည့်သည်နှစ်ယောက်ကို ခေါ်လာခဲ့တယ် ။ ဒါပေမယ့် ကျူးကျွင်းယန်က ယွီဟိုင် ဘာတွေးနေသလဲဆိုတာကို ခန့်မှန်းမိပြီးသား ။ ဒါကြောင့် သူက တိရိစ္ဆာန်အသေးလေးတွေနဲ့ ကြုံပြီးတဲ့အခါတွေမှာ တစ်နေရာတည်းမှာပဲ ခြေကုပ်မနေခဲ့ဘူး။ ဒီနေ့သူ့ရည်ရွယ်ချက်ကိုက တောတွင်းထဲက ကြမ်းကြုတ်ရက်စက်တဲ့ သားကောင်ကြီးတွေကိုပဲ ဖမ်းချင်တာလေ။
သူတို့ သုံးယောက်နောက်ကနေ လိုက်လာတဲ့ ရှောင်ချောင်းက သူတို့ တောလမ်းထဲ ပိုပို ရောက်သွားလေ သူတို့ကို ရှာတွေ့ဖို့ အခက်တွေ့လာလေ ဖြစ်နေတယ် ။ အခုအချိန်မှာ အပင်တွေ ပေါင်းပင်တွေက သူမခါးလောက်အထိ မြင့်မားနေပြီး ခြေတစ်ခါတစ်ခါလှမ်းဖို့ကို မနည်းအားစိုက်နေရတယ် ။ ယွီဟိုင်တို့သုံးယောက် က သူမနဲ့ ပိုပိုပြီး ဝေးသွားလေ သူမ စိတ်ထဲ အကြောက်တရားတွေ ဝင်လာပြီး လမ်းပျောက်လာလေပဲ။
"အဖေ ... တော်ဝင်မင်းသား... ကျွန်မကို စောင့်ကြပါဦး!!"
လူသုံးယောက်ရဲ့ ပုံရိပ်က သူမရှေ့ကနေ ပျောက်လုနီးပါးဖြစ်နေပြီမို့ ရှောင်ချောင်းက မနေနိုင်စွာနဲ့ အော်ခေါ်လိုက်ရတော့တယ်။ တောနက်လာတော့ အနီးအနားမှာက ကောင်းကင်နဲ့မြေပြင်ကို ဖုံးအုပ်နေတဲ့ သစ်ပင်တွေချည်းပဲ။ သူမသာ သတိမထားရင် ခြုံနွယ်တွေထဲမှာ လမ်းပျောက်သွားလိမ့်မယ် ။ ယွီရှောင်ချောင်းက တောလမ်းမကျွမ်းကျင်တဲ့ ကလေးမလေးပဲ ရှိသေးတာ ။ သူမသာ လမ်းပျောက်သွားရင် ပြန်လမ်းကိုလည်း လွယ်လွယ်နဲ့ ရှာတွေ့နိုင်မှာ မဟုတ်ဘူး။
လူသုံးယောက် လျှောက်လာတဲ့ လမ်းက တဖြည်းဖြည်း မတ်စောက်လာပြီး အနီးနားက တောအုပ်တွေကလည်း ပိုထူထပ်လာတယ်။ အထိန်းတော်လျိုက အနီးအနားဝန်းကျင်ကို စူးစမ်းရအောင် သတိရှိရှိနဲ့ နေနေတယ် ။ သူ့သခင်လေးအပေါ် အန္တရာယ်ကျမှာမျိုးကို နည်းနည်းလေးတောင် သူခွင့်မပြုနိုင်ဘူး။ ရုတ်တရက် သူ့နားတွေက လှုပ်ခါသွားတယ်။ သူက အသံကို ပိုကြားရအောင် ရပ်ပြီး သေချာနားထောင်ကြည့်လိုက်တယ်။ ပြီးနောက် သူ့ရှေ့က တော်ဝင်မင်းသားယန်ကို တိုးတိုးလေး ပြောလိုက်တယ် ။
" သခင်လေး... ကြားလား အဲ့အသံကို... "
ကျူးကျွင်းယန်က အထိန်းတော်လျို ကြားတဲ့အသံက သားရိုင်းတောကောင်သံထင်ပြီး ရုတ်တရတ် ရပ်လိုက်ကာ သေချာနားထောင်ကြည့်လိုက်တယ်...
" အဖေ ---- အဖေ ---"
" တော်ဝင်မင်းသားငယ် --- ကျွန်မကို စောင့်ကြပါဦး ---"
တောအုပ်က ထူတာမို့ အသံက ပဲ့တင်ထပ်နေပြီး ကလေးမလေးရဲ့အသံက သုံးယောက်ရဲ့နားထဲမှာ လေသံတွေနဲ့ပါ ရောယှက်နေလို့ သိပ်သဲသဲကွဲကွဲ မကြားရဘူး။ ယွီဟိုင်ရဲ့ မျက်နှာအမူအရာက ရုတ်ချည်းပြောင်းလဲသွားပြီး အနောက်ဘက်နားကို ကတိုက်ကရိုက် ရွှေ့သွားလိုက်ရင်း ပြောလိုက်တယ် ။
"ချောင်းအာ အသံနဲ့တူတယ်... ဒီကလေးမလေးကတော့... သူက ဟိုး ပိစိငယ်ငယ်လေးထဲက အမဲလိုက်ဖို့ စိတ်ဝင်စားတာ... သူ ကျွန်တော်တို့နောက်က ခိုးလိုက်လာတာ ထင်တယ်!!"
ကျူးကျွင်းယန်ကလည်း ပိုပြီး အလေးအနက် ပုံစံမျိုးဖြစ်သွားတယ် ။ သူက အသံလာရာကို သေချာနားထောင်ကြည့်လိုက်ပြီး အဲ့ဒီဘက်ကို လျှောက်သွားလိုက်တယ် ။
"အဖေ... တော်ဝင်မင်းသား--- ဘယ်ရောက်နေကြပြီလဲလို့...!"
ယွီရှောင်ချောင်းက တစ်ချိန်လုံးအော်နေရတာမို့ ဒေါသထွက်စ ပြုလာတယ်။ သူမအသံကို အဖေနဲ့ တော်ဝင်မင်းသား ကြားရဲ့လားဆိုတာလည်း သူမ မသိတော့ဘူး။ သူမက ခြေရာတွေနောက်လိုက်ဖို့ ခေါင်းကို အောက်ငုံ့ကာ သေချာကြည့်လိုက်ပေမယ့်လည်း သူမ လမ်းလျှောက်လိုက်တိုင်း သူတို့နဲ့ ဝေးဝေးလာသလို ခံစားရတယ်။
ရှောင်ချောင်းက ကျယ်ဝန်းတဲ့ မြေနေရာတစ်နေရာကို ရှာတွေ့သွားပြီးနောက် အနားက ကျောက်တုံးပေါ် ထိုင်ချလိုက်တယ်။ သူမက ရင်ဘတ်ပေါ်က အိတ်ကပ်ထဲက ကြွေပုလင်း သေးသေးလေးတစ်ခုကို ယူလိုက်ပြီး အံ့ဖွယ်ကျောက်တုံးရည် တစ်စက်နှစ်စက်လောက် သူမ ပါးစပ်ထဲ အစက်ချလိုက်တယ် ။ သူမ လည်ပင်းတွေက ချက်ချင်းပဲ ပိုအဆင်ပြေလာပြီး မောပန်းနေတဲ့ ခန္ဓာကိုယ်ကလည်း အားအင်တွေ ပြန်လည်ပြည့်ဝလာသလို ခံစားရတယ် ။
" အဖေ --- တော်ဝင်မင်းသား... ရှင်တို့ ဘယ်မှာလဲ? ကျွန်မ ရှောင်ချောင်းပါ... "
ရှောင်ချောင်းက ကောက်ကွေ့နေတဲ့ အပင်ပေါ် တုန်တုန်ယင်ယင်နဲ့ တက်သွားပြီး သစ်ပင်ခွကြားမှာ ထိုင်လိုက်တယ် ။ ပြီးနောက် လက်ကလေးကို အော်လံလို ပုံစံလုပ်ပြီး ပါးစပ်နားကပ်ကာ ထပ်ပြီး အော်ခေါ်ကြည့်ဖို့ လုပ်လိုက်တယ် ။
ကျူးကျွင်းယန်က အသံကြားရာကို လိုက်လာပြီးနောက် ရှောင်ချောင်းကို ရှာဖွေနေတယ် ။ သူရှောင်ချောင်းကို ဘယ်မှာမှ ရှာမရဘူး ။ သူက ရုတ်တရတ် ခေါင်းကို လှည့်လိုက်ကာ နဖူးကို မြင့်လိုက်တာမို့ ရွှံ့တွေနဲ့ ညစ်ပတ်ပေရေနေတဲ့ သမင်ရေ ဘွတ်ဖိနပ်တွေနဲ့ သူ့နဖူးက ထိမိတော့မလို ဖြစ်သွားတယ် ။ ကံကောင်းစွာနဲ့ သူက သတိရှိရှိနဲ့ နောက်ကို ခြေလှမ်းဆုတ်လိုက်မိတာကြောင့် ထိတော့ မထိသွားဘူး။
" မင်း သစ်ပင်လည်း ဘယ်လိုတက်ရမလဲ သိတာလား? ကြည့်ရတာ တော်တော် ကျွမ်းပုံပဲနော် !! "
ကျူးကျွင်းယန်က သစ်ပင်ခွကြားမှာ ထိုင်နေတဲ့ ရှောင်ချောင်းကိုကြည့်ဖို့ ခေါင်းကို မော့လိုက်တယ်။ သူမရဲ့ ဆံပင်တွေက လေလွင့်နေတဲ့ သစ်ကိုင်းတွေ ကြားမှာ ရှုပ်ထွေးနေပြီး နားသယ်စပ်မှာဆို သစ်ရွက်ခြောက်လေးတောင် ကပ်နေသေးတယ် ။ သူမ မျက်နှာမှာ စိုစွတ်နေတာ ချွေးတွေလား မျက်ရည်တွေလား မသိပေမယ့် သူမပုံစံက ညစ်ပေနေတဲ့ ကြောင်ကလေးလိုပဲ ။ အဝတ်တွေပေါ်မှာလည်း အခုမှ လောလောလတ်လတ် ပေါက်ပြဲထားတဲ့ အရာတွေကလည်း ရှိနေသေးတယ် ။ သူသာ သေချာနီးနီးကပ်ကပ် မကြည့်မိရင် သူတောင်းစားလေး ထိုင်နေတယ်လို့တောင် တွေးမိမလားပဲ !
" တော်ဝင်မင်းသား! "
ရှောင်ချောင်းက ပျော်လွန်းလို့ ငိုပါငိုမိတော့မယ် ။
" တော်သေးတာပေါ့ !! နောက်ဆုံးတော့ ရှင်ကျွန်မကို ရှာတွေ့ပြီ ! "
ကျူးကျွင်းယန်က သစ်ပင်ပေါ်ကနေ တုန်တုန်ယင်ယင်ဆင်းလာတဲ့ မိန်းမငယ်လေးကို ကြည့်နေလိုက်တယ် ။ သူမ သစ်ပင်ပေါ်ကနေ စမ်းတမ်းရမ်းတမ်း ဆင်းနေရတယ် ။ ဘာလို့လဲဆိုတော့ ဖိနပ်တွေက ရွှံ့တွေဖုံးနေပြီး သစ်ခေါက်ပေါ် သေချာမထောက်နိုင်ဘူးလေ ။ သူမ သစ်ပင်ကို တင်းတင်းဖက်ကာ လျှောဆင်းလာဖို့သာ တတ်နိုင်တော့တယ် ။
ကျူးကျွင်းယန်က ဒုက္ခများနေရတဲ့ ကလေးမလေးကို မကြည့်နိုင်တော့ဘဲ ရှေ့ကို ခုန်အုပ်လိုက်တယ် ။ ပြီးနောက် ကလေးမလေးက ကောင်းကင်ဘုံထိကြားအောင် အော်နေစဉ် သူမလေးရဲ့ ကော်လံစကို ဆွဲကာ ပြန်ပြီး နောက်ကို ခုန်ချလိုက်တယ် ။
ရုတ်တရတ် ပေါ့ပါးသွားတဲ့ ခံစားချက်ကြီးက ရှောင်ချောင်းကို အပင်ပေါ်က ပြုတ်ကျသွားတယ်လို့ ခံစားမိစေတယ် ။ သူမက မြေပြင်ပေါ် ပြုတ်ကျပြီး နာကျင်ရမှာကို ပြင်ဆင်လိုက်တဲ့အနေနဲ့ ဝမ်းနည်းစွာဖြင့် စူးခနဲ အော်ဟစ်ပစ်လိုက်တယ် ။ မြေပြင်ပေါ်မှာ မင်းသားယန် ပွေ့ချီထားတာ ခံလိုက်ရတဲ့အချိန်ထိတောင်မှ သူမက မျက်စိစုံမှိတ်ကာ စူးစူးဝါးဝါးအော်ဟစ်နေတုန်းပဲ ။
ကျူးကျွင်းယန်က အခြားလက်တစ်ဖက်နဲ့ ကိုယ့်နားကို အုပ်ထားရတယ် ။ ဒီငတိမလေး အော်သံကြောင့် သူ့နားတွေတောင် ကွဲထွက်သွားတော့မလိုပဲ ။ သူက ရှောင်ချောင်းလက်ကို ဆွဲမလိုက်ပြီး သက်သက်သာသာနဲ့ ပြန်လွှတ်ပေးလိုက်တယ် ။ ကလေးမလေးရဲ့ ခြေထောက်တွေက တုန်ယင်နေပြီး ချုံနွယ်ပိတ်ပေါင်းတွေထဲကို ခွေကျသွားတယ် ။ အဲ့ဒီအချိန်ကျမှ သူမက ကျူးကျွင်းယန်ရဲ့ နားစည်တွေကို တိုက်ခိုက်တာ ရပ်တန့်သွားတော့တယ် ။
' အာ ? မနာဘူးလား? သစ်ပင်ပေါ်က ပြုတ်ကျတာတောင် မနာတာလား? အဲ့ဒါ မြက်တွေက အရမ်းထူနေလို့လား ဒါမဟုတ် ငါ့ တင်ပါးတွေကပဲ အသားများနေလို့လား ? '
ရှောင်ချောင်းက ကိုယ့်တင်ပါးလေးကို ပွတ်သပ်လိုက်ပြီး သစ်ပင်ကို ပြန်မော့ကြည့်လိုက်တယ်။
ချောင်းအာ ?! ဒီကို ဘာလို့ လိုက်လာတာလဲ ? "
ယွီဟိုင်က အစောတုန်းက ရှောင်ချောင်းရဲ့ စိုးရိမ်ဖွယ်ရာ ငယ်သံပါအောင် အော်နေတဲ့အသံကို ကြားလိုက်ရတာမို့ သူမ အန္တရာယ်ဖြစ်နေပြီလို့ ထင်သွားခဲ့တာ ။ ဒါကြောင့် သူက တစ်ချိုးတည်း ပြေးလာခဲ့ပြီး ဟောဟဲလိုက်ကာ သူ့သမီးကိုလည်း ခေါင်းစခြေဆုံး စစ်ဆေးကြည့်ရှုနေတယ် ။ ဒဏ်ရာမရတာကိုတွေ့မှ သူ့မှာ စိတ်အေးရတော့တယ်။
" ကျွန်မ... ကျွန်မ အဖေတို့ ဒုက္ခဖြစ်မှာစိုးလို့ လိုက်လာတာ... "
သူမအဖေက အနှေးနဲ့အမြန် ဒေါသထွက်တော့မယ်ဆိုတာ ရှောင်ချောင်းပြောနိုင်တယ် ။ ဒါကြောင့် သူမကခေါင်းကို ငုံ့ကာ မြက်ကလေးတွေကို ဆွဲနှုတ်ရင်း အထစ်ထစ် အငေါ့ငေါ့ ပြန်ဖြေလိုက်တယ် ။
ကျူးကျွင်းယန်က အေးစက်စွာ နှာမှုတ်လိုက်ပြီး
" မင်းက စိုးရိမ်တယ် ? အဲ့တာနဲ့ပဲ ဒီကိုလိုက်လာတယ်? ဒီလို ခန္ဓာကိုယ်သေးသေးလေးက သားရိုင်းတွေကို ယှဉ်ချပေးမလို့လား ?? ဒါမှမဟုတ် မင်းခန္ဓာကိုယ်လေးနဲ့ ငါတို့ကို ကာကွယ်ပေးမလို့လား? ဟမ့်! ဒီမင်းသားက အခုသိသွားပြီ... မင်း သားရိုင်းကောင်ရဲ့ ပါးစပ်ထဲကို ဝင်ပြီး ငါတို့ကို ပြေးဖို့ အခွင့်ရေးဖန်ပေးလို့မလား?? မင်းက ပိစိကွေးသေးသေးလေး သားရိုင်းရဲ့ သွားကြားတောင် ညှပ်လိုက်မှာမဟုတ်ဘူး သိရဲ့လား?! "
ရှောင်ချောင်းက သူမမှာ အားကိုးစရာ အံ့ဖွယ်ကျောက်တုံးလေးရှိတာကို ရှင်းမပြနိုင်တာမို့ သူ့ရဲ့ ဩဝါဒတွေကို နားထောင်ရတော့တယ် ။
သူတို့ အခု လူသူအလာ အလွန်နည်းပါးတဲ့ နေရာကို ရောက်နေပြီဆိုတာကို ယွီဟိုင်သတိထားမိတယ် ။ တကယ်လို့ သူ့သမီးကို သူ့ဘာသာသူ ပြန်ခိုင်းလိုက်ရင် လမ်းပျောက်ပြီး ဆိုးရွားတဲ့ အခြေအနေတွေနဲ့ ကြုံရလိမ့်မယ် ။ ဒါပေမယ့် သူ တော်ဝင်မင်းသားငယ်ရဲ့ တောကစားထွက်ချင်တဲ့ စိတ်အခြေအနေကိုလည်း မနှောင့်ယှက်ဝံ့ဘူး ။ သူက အရဲစွန့်ကာ ပြောလိုက်တယ် ။
" အရှင့်သား ကျွန်တော့် သမီးက ဆင်ခြင်တုံတရားနည်းပြီး အရှင့်သားကို ဒုက္ခများစေမိပြီ... သူ့ကို ကျွန်တော်တို့နဲ့ အတူခေါ်သွားရင်ရော အရှင့်သား ခွင့်ပြုနိုင်မလား..."
အစောတုန်းက ဒီလမ်းကိုလာတုန်းက တောင်ကုန်းတွေရော ထူထပ်နေတဲ့ တောအုပ်ကိုပါ ဖြတ်လာခဲ့ရတာ ။ လမ်းကြောင်းက လမ်းလျှောက်ဖို့ တောင် အတော်လေး ခက်တယ် ။ ကျူးကျွင်းယန်က အတော်လေး ဖိုသီဖတ်သီဖြစ်နေတဲ့ ကလေးမလေးကို ကြည့်လိုက်တယ် ။ ဒီလောက်အဝေးကြီးထိ ဒီကောင်မလေး ဘယ်လိုများ လိုက်လာနိုင်လဲဆိုတာ သူ စဉ်းစားမရဘူး။ အပြန်လမ်းမှာ ဒီကလေးမလေး ခြေထောက်ကျိုးတာတို့ အန္တရာယ်များတဲ့ သားရဲတိရိစ္ဆာန်တွေနဲ့ ကြုံနိုင်တာတို့ စတဲ့ဖြစ်နိုင်တာတွေကို တွေးမိပြီး ကျူးကျွင်းယန် သူမကို ဆွဲကာ ခပ်ဆတ်ဆတ်လေးသာ ရိုက်လိုက်ချင်တော့တယ်။
သူက ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တယ် ။ အခု သူတို့တွေက ထူထပ်တဲ့ တောအုပ်ကြီးနဲ့ အလွန်မြင့်မားတဲ့ တောင်ကြီးကြားထဲမှာ ရောက်နေတာ ။ ဒီလိုနေရာမှာ ဘယ်လို သားရဲကောင်တွေ ပုန်းနေမလဲဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး ။ ကောင်မလေးကို ဒီမှာ တစ်ယောက်တည်း ထားခဲ့ရမှာကိုလည်း သူတို့ စိတ်မချပြန်ဘူး။ ဒါပေမယ့် သူတို့တွေ ဒီနေရာထိတောင် ရောက်လာပြီးပြီဆိုတော့ ဘာသားကောင်မှပါမသွားဘဲ လက်ဗလာနဲ့ပဲလည်း မပြန်နိုင်ဘူး ။ ဒီတော့ ဒီငတိမလေးကို ခေါ်သွားရုံပဲ ရှိတော့တယ် ။ သူမက သူတို့သွားတဲ့လမ်းမှာ အဟန့်အတားမဖြစ်လောက်ဘူးလို့တော့ မျှော်လင့်မိတာပဲ !
လမ်းကို သေချာလျှောက်ပြီး မှီအောင်လိုက်လာခဲ့... မဟုတ်ရင် ဒီမင်းသားက မင်းကို စောင့်ခေါ်နေမှာ မဟုတ်ဘူး !! "
ကျူးကျွင်းယန်က ကလေးမလေးဆီ ခြိမ်းခြောက်သည့် မျက်ဝန်းတွေနဲ့ ကြည့်လိုက်ပြီး တောနက်ထဲ ဆက်သွားဖို့ လုပ်လိုက်တယ်။
အခုအချိန်မှာတော့ သူ့သခင်က အစောတုန်းကထက် ခြေလှမ်းအရှိန် အများကြီး လျှော့ချထားတာကို အထိန်းတော်လျို သတိထားမိတယ် ။ သူက အားလုံးနဲ့ လိုက်မှီဖို့ ကြိုးစားလျှောက်နေတဲ့ ယွီရှောင်ချောင်းကို ကြည့်လိုက်တယ် ။ သူ့သခင်က ဘယ်တုန်းကများ ဒီလို သူတစ်ပါးအပေါ် စဉ်းစားပေးတတ်သွားတာပါလိမ့်? နေက အနောက်ဘက်ကများ ထွက်လာသလား?!
ကျန်ခဲ့တဲ့ တောလမ်းတွေ များလာပြီဆိုတော့ ကျူးကျွင်းယန်မှာ သူ့ရဲ့ အမဲလိုက်ဖို့ အခွင့်အရေးက တစ်စတစ်စ ကုန်ဆုံးလာသလို ခံစားရတယ်။ ဒါကြောင့် သူက စောင့်မနေတော့ဘဲ ပေါ်လာသမျှ အကောင်ကို မြှားနဲ့ ပစ်နေတော့တယ် ။ မကြာခင်မှာပဲ ရှောင်ချောင်းက မင်းသားရဲ့ လေးအတတ်ကို မြင်သွားတယ် ။ သူ့ရဲ့ လေးအတတ်က မဆိုးတာမှ တော်တော်ကို မဆိုးတာ ; အံ့အားသင့်ဖို့ ကောင်းလောက်အောင်ကို ကျွမ်းကျင်တာပဲ ။ သူ့ မြှားချက်က လုံးဝ မလွတ်ဘဲ ချိန်ထားတဲ့ နေရာကို ကွက်တိမှန်တာ ။ တောကောင်တစ်ကောင် မြှားမှန်ပြီး လဲကျသွားဖို့ သူ့အတွက် ဒုတိယမြှားတောင် မလိုဘူး။
အနီရောင်သမင် ၊ ဆိတ်ရိုင်း ၊ ဒရယ် နဲ့ နီညိုရောင် ရစ်ပုငှက်... အထင်ကြီးစရာအကောင်းဆုံးကတော့ ကျူးကျွင်းယန်က ပေါင်သုံးထောင်ကျော်လောက် အလေးချိန်ရှိမယ့် တောဝက်ထီးကြီးရဲ့ ခေါင်းကို မှန်အောင် ပစ်နိုင်တာပဲ ။ ပုံမှန်ဆို အတော်လေးကို ရက်စက်ကြမ်းကြုတ်ကာ မာန်ဖီတတ်တဲ့ သားရိုင်ကောင်က ကျူးကျွင်းယန် လက်ထဲမှာ အသံတောင် သိပ်မပြုလိုက်ရဘဲ သေသွားခဲ့တယ်။
ရှောင်ချောင်းက သမင်နီနဲ့ ဆိတ်ရိုင်းကို ကျောမှာ သယ်ကာ ရစ်ငှက်တွေ ၊ ခွေးတူဝက်တူတွေနဲ့ အခြားတောကောင် အသေးလေးတွေကို ခါးမှာ ချိတ်ထားတဲ့ သူမအဖေကို ကြည့်လိုက်တယ် ။ အထိန်းတော်လျိုကလည်း သစ်ကိုင်းတွေနဲ့ လုပ်ထားတဲ့ စွပ်ဖားလို အရာကို ကျွမ်းကျင်စွာ ပြုလုပ်ထားကာ တောဝက်ရိုင်းကြီးရယ် ၊ ဒရယ် နဲ့ အခြားသားကောင်ရယ်ကို ဆွဲလာတယ် ။ ရှောင်ချောင်းတောင်မှ ယုန်ရိုင်းနှစ်ကောင်ကို ကိုင်ထားရသေးတယ် ။ ဒါတွေတင် မကျေနပ်သေးဘဲ တောဝင်မင်းသားငယ်က တောနက်ထဲကို တက်ကြွစွာ ဆက်သွားနေတယ်။
" တော်ဝင်မင်းသား , ကျွန်မတို့ နေ့လယ်အထိ ဆက်ပြီး အမဲလိုက်နေရင် သားကောင်တွေအကုန် အိမ်ပြန်သယ်နိုင်မှာ မဟုတ်တော့ဘူး... အခု အိမ်ပြန်လိုက်ပြီး နောက်ရက်မှ ထပ်လာရင်ရော?? "
ယွီရှောင်ချောင်းက အနီးနားက ကျောက်တုံးတစ်ခုပေါ် လေးကန်စွာ ထိုင်ချလိုက်တယ် ။ ရှောင်ချောင်းက တကယ်ကို ဆက်မသွားချင်တော့ဘူး ။ အံ့ဖွယ်ကျောက်တုံးရည်က အားပြန်ဖြည့်ပေးတာတောင် သူမ ပင်ပန်းနေပြီ !
ကျူးကျွင်းယန်က မြေပြင်အနေအထားကို စူးစမ်းလိုက်ကာ သူမကို နောက်လှည့်ကြည့်လာပြီး
" မင်းက ဒီကိုလိုက်လာပြီး ဝန်ထုပ်ဝန်ပိုး လာလုပ်နေတာပဲ ! မင်း ပင်ပန်းရင် ဒီမှာပဲရပ်ပြီး တောကောင်တွေ စောင့်ကြည့်ထား... ဒီမင်းသားက တောနက်ထဲ သွားပြီး ကြည့်ဦးမှာ... ကံကောင်းရင် ဝက်ဝံနက်တစ်ကောင်နဲ့ ကြုံနိုင်တယ်...မင်းပဲ ဝက်ဝံလက်ရဲ့ အရသာကို မြည်းကြည့်ချင်တယ်လို့ ပြောခဲ့တယ်မဟုတ်ဘူးလား? "
ယွီရှောင်ချောင်းက သွေးညှီနံ့ထွက်နေတဲ့ သားကောင် အစုအပုံကြီးကို ကြည့်လိုက်တယ် ။ ဒါတွေအားလုံးက အသားစား သားရဲတစ်ကောင်အတွက် ပြည့်စုံတဲ့ ငါးစာ ဖြစ်မယ်ဆိုတာကို သူမ လုံးဝသေချာ ပြောရဲတယ် ။ တကယ်လို့ သူမသာ ဒါတွေနဲ့ ဒီမှာ သားကောင် စောင့်ကြည့်နေရရင်... ။ သူက ရှောင်ချောင်းကို သားရဲကောင်ကြီးရဲ့ အစာပြေအစားအစာ ဖြစ်စေချင်နေတာလား?!
' တော်ဝင်မင်းသားငယ်... တော်ဝင်မင်းသားငယ်... ဘယ်လိုတောင် ငါ့ကို ရန်ငြိုးထားနေတာပါလိမ့် ! '
' ကောင်ညှင်းဖက်ထုပ်လေး မင်း ဒီမှာ ရှိလား? '
ရှောင်ချောင်းက အံ့ဖွယ်ကျောက်တုံးလေးကို စိတ်ထဲကနေ ခေါ်ကြည့်လိုက်တယ်။ အခု အဲ့တာလေးက သူမရဲ့ လက်ကောက်ဝတ်နားက ရောင်စုံကျောက်တုံးထဲမှာ ရှိနေတာဖြစ်တယ် ။
သေးငယ်တဲ့ ရွှေရောင်ကြောင်လေးက သူမနောက်မှာ ပေါ်လာပြီး သူမ ပုခုံးပေါ် ခုန်တက်လာတယ်။ အဲ့ဒါလေးက စိတ်ဆိုးစွာနဲ့ ဆိုတယ် ။
[ ဒီ အံ့ဖွယ်ကျောက်တုံးကို ဘာအတွက် လိုပြန်တာတုန်း? ဒီကျောက်တုံးကို အမဲလိုက်ခိုင်းမလို့တော့ မဟုတ်ပါဘူးနော်? ]
ဒီအံ့ဖွယ်ကျောက်တုံးက ကျူးကျွင်းယန်နဲ့ တော်တော် တူတာပဲဆိုပြီး ရှောင်ချောင်း ရုတ်တရက် တွေးမိသွားတယ် ။ နှစ်ယောက်လုံးက သူတို့ရဲ့ ကြီးမြတ်တဲ့ အစွမ်းတွေကြောင့် သူများတကာကိုဆို အထင်သေးချင်နေကြတာ ။သူများနဲ့ စကားပြောရင် မျက်ခွက် ပိတ်ရိုက်ချင်စရာကောင်းတဲ့ စကားတွေချည်း ပြောကြတာ ။ ဒါပေမယ့် သူတို့နှစ်ယောက် တူတဲ့ အချက်တော့ ရှိတယ် : နှစ်ယောက်လုံးက စိတ်ရှုပ်စရာကောင်းပေမယ့် တကယ့် သေရေရှင်ရေးအချိန်ရောက်ရင် သူမကို ဘယ်တော့မှ စိတ်မပျက်စေဘူး!
ကောက်ညှင်းဖက်ထုပ်လေး... ကြမ်းကြုတ်တဲ့ သားကောင်တစ်ကောင်လောက် မျှားပေးဦး... အကောင်းဆုံးကတော့ ပြည့်ပြည့်ဝဝ အရွယ်မရောက်သေးတဲ့ လူရွယ်လေးတစ်ယောက် ထိန်းရသိမ်းရ လွယ်လောက်မယ့် အကောင်မျိုးပေါ့ ! ကျားဖြစ်ဖြစ် ဝက်ဝံ ဖြစ်ဖြစ် ဘာဖြစ်ဖြစ်... အဲ့တာတွေ မရှိရင် ဝံပုလွေ တစ်ကောင်သာ မျှားလိုက်တော့ ! "
[ ကျွတ် ကျွတ် ! မင်းက ဒီ အံ့ဖွယ်ကျောက်တုံးကို သားကောင် မျှားတဲ့အစာ လုပ်ဖို့ ယူလာခဲ့တာလား ? ဒီလိုလုပ်လို့ ဒီအံ့ဖွယ်ကျောက်တုံးက ဘာအကျိုးအမြတ်ရမှာလဲ ? ဘာအကျိုးအမြတ်မှ မရရင် အကူအညီတောင်းခံတာကို ငြင်းတယ်!! ]
အံ့ဖွယ်ကျောက်တုံးလေးက ထပ်ပြီး စိတ်ဆိုးနေပြန်ပြီ ။ ရှောင်ချောင်း အကူအညီတောင်းလိုက်တိုင်း ဒင်းလေးက တွန့်ဆုတ်ချင်ယောင်ဆောင်ပြီး ရှောင်ချောင်းကို မပျော်မရွှင်ဖြစ်အောင် လုပ်လိုက်ရမှ !

သက်တန့်ရောင်မိန်းမပျို Book 2 (MMTranslation)Where stories live. Discover now