အပိုင်း ၃၂၈ (သဝန်တိုတာလား)

2.5K 233 0
                                    

[Unicode]
အပိုင်း ၃၂၈ (သဝန်တိုတာလား)

ကျူးကျွင်းယန်က သူထည့်သွင်းစဉ်းစားရာမှာ စေ့စပ်သေချာမှုမရှိလိုက်တာမို့ ပို၍ပင်စိတ်ဆိုးလာတယ်။ အဘယ်ကြောင့် သူ နောက်ထပ်ပါဝင်ပစ္စည်းများကိုပို့ပေးဖို့ မစဉ်းစားမိခဲ့တာလဲ။ သူက အထိန်းတော်ခေါင်းဆောင်လျိုဘက်လှည့်လိုက်ပြီး
"သွား ဝူသာ့ရွှမ်းကို လူတချို့လောက် စီရင်စုမြို့ကိုလွှတ်ခိုင်းပြီး အချို့ပါဝင်ပစ္စည်းတွေ ဝယ်ခိုင်းလိုက်။ အထူးသဖြင့် အမျိုးအစားစုံတဲ့ အသားနဲ့ဥတွေ။ စီရင်စုမြို့မှာ ဝယ်မရဘူးဆိုလည်း မြို့တော်ဆီသွားဝယ်ကြ"
ယွီရှောင်ချောင်းက နှုတ်ခမ်းကိုတွန့်လိုက်ပြီး မပွင့်တပွင့် ရေရွတ်လိုက်တယ်။
"အခုချိန်မှဝယ်နေရင်တော့ ရဖို့တော်တော်ကြာဦးမှာ နေ့လယ်စာနဲ့ညစာကို ယုန်လို သက်သက်လွတ်စားကြရုံပေါ့"
"နေ့လယ်စာနဲ့ညစာအတွက် ဒီမင်းသားက မင်းကို ကျိန်ရှုံစားသောက်ဆိုင်မှာ လိုက်ကျွေးမယ် "
ယွီရှောင်ချောင်းချက်ပေးတဲ့ ဟင်းတွေကိုတော့စားပြီး သူမကိုကျ တစ်ခါမှဒကာမခံဖူးသေးသလိုပဲ။
ယွီရှောင်ချောင်းက မျက်တော်တဖျတ်ဖျတ်ခတ်ပြီး မကျေမနပ်ညည်းညူတယ်။
"အခုသွားရင် စားပွဲရမှာမဟုတ်ဘူး”
ကျူးကျွင်းယန်က မေးကိုမော့ပြီး တတိယသခင်လေးကျိုးကို စိုက်ကြည့်လိုက်ကာ
"မင်း…ဘယ်လိုထင်လဲ"
ကျိုးကျီရွှီကရယ်လျက် သူ့နဖူးပေါ်ကချွေးတွေကို သုတ်လိုက်ပြီး
"တော်ဝင်မင်းသားယန် လာရောက်တည်ခင်းတာက ကျွန်တော်မျိုးတို့ဆိုင်အတွက် ဂုဏ်အသရေပါပဲ။ ဒီအရပ်သားက နေ့လယ်စာကို တည်ခင်းပါမယ်။ ဒါ့ကြောင့်ကျေးဇူးပြုပြီး မင်းသားရဲ့တည်ရှိမှုနဲ့ ချီးမြှောက်ပေးပါ တော်ဝင်မင်းသားယန်"
ကျိုးမိသားစုက တော်ဝင်ကုန်သည်တွေဖြစ်ပေမယ့် ကျိန်ရှုံစားသောက်ဆိုင်က မြို့တော်မှာအောင်မြင်ချင်တယ်ဆိုရင်တော့ နောက်ခံကောင်းကောင်းရှိဖို့လိုအပ်သည်။ တော်ဝင်မင်းသားယန်က လက်ရှိ မြို့တော်မှာ လွှမ်းမိုးနိုင်ဆုံးသူတွေထဲက တစ်ယောက်ဖြစ်ပြီး ဧကရာဇ်ယုံကြည်အားထားရဆုံး အမှုထမ်းတွေထဲက တစ်ယောက်လည်းဖြစ်သည်။ သူ့ထောက်ခံမှုကိုရရင် သူ့တို့အတွက် အကောင်းတွေ ဖြစ်လာလိမ့်မည်။ ထောက်ခံမှုမရရင်တောင် သူ့ဆီမှာ ထင်မြင်ချက်ကောင်းကောင်းတော့ ရထားသင့်သည်။
ကံမကောင်းစွာနဲ့ ကျူးကျွင်းယန်က ထိုအမူအရာကို တန်ဖိုးမထားဘဲ မာနကြီးစွာနဲ့ပြောလိုက်တယ်။
"ဒီမင်းသားကို နှစ်ခါထပ်ပြောစေချင်နေတာလား နေ့လယ်စာနဲ့ညစာကို ငါဒကာခံမယ်။ ဒီမင်းသားက စားသောက်ဆိုင်က စားပွဲနှစ်လုံးစာတောင်မတတ်နိုင်ဘူး ထင်နေတာလား"
တောင်ဝင်မင်းသားယန်က တော်ဝင်မင်းမိသားစုဝင်တစ်ယောက်ဖြစ်ပြီး ကောလဟာလများအတိုင်း စိတ်ဆိုးလွယ်တဲ့သူပင်။ တတိယသခင်လေးကျိုးက သူဒေါသထွက်သွားတာကို အမှန်တကယ်နားမလည်နိုင်တော့ ယွီရှောင်ချောင်းကို အကူအညီတောင်းသလို ကြည့်လိုက်တယ်။
သူ့အကြည့်နဲ့အချက်ပြတာကို ယွီရှောင်ချောင်းကသိလိုက်ပြီး ကျူးကျွင်းယန်ကို
"အခုချိန် ကျိန်ရှုံစားသောက်ဆိုင်မှာ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေရှိမှာ မဟုတ်ဘူး။ ကျွန်မတို့ ဟင်းရွက်နည်းနည်းခူးပြီး ယူသွားရအောင်လေ။ ဒါမှမဟုတ် ကျိန်ရှုံစားသောက်ဆိုင်ကို အရင်သွားနှင့်ပြီး ကျွန်မတို့အလာကို စောင့်နှင့်မလား"
ကျူးကျွင်းယန်က တွေးတောခြင်းမရှိဘဲ ပြောလိုက်တယ်။
"ဒီမင်းသားက စောင့်နေရလောက်အောင်အထိ မင်းကဘယ်လောက်အရေးကြီးလို့လဲ။ ပြန်သွားပြီးခူးချည်။ ဟိုသုံးယောက်လည်း သူတို့သင်ခန်းစာတွေပြီးလောက်ပြီ။ ကျိန်ရှုံစားသောက်ဆိုင်ကို တိုက်ရိုက်သွားဖို့ တစ်ယောက်ယောက်ကို လွှတ်ပြီး အကြောင်းကြားခိုင်းလိုက်"
ယွီရှောင်ချောင်းက သူ့ဘေးပတ်လည်ကို ကြည့်လိုက်တယ်။ သူနဲ့ပါလာတဲ့ အစေခံဆိုလို့ အထိန်းတော်ခေါင်းဆောင်လျိုပဲရှိပြီး ထိုသူကလည်း စေလွှတ်ခံရပြီးပြီမို့ သူတို့နှစ်ယောက်ပဲကျန်တော့တယ်။ ဒါဆိုဘယ်သူကသွားပြီး အကြောင်းကြားမှာလဲ။
'တော်ဝင်မင်းသားယန် ရှင်ဟင်းရွက်ခူးနိုင်မလား ဒါမှမဟုတ် သွားအကြောင်းကြားနိုင်မလား'
ကျူးကျွင်းယန်က တတိယသခင်လေးကျိုးဘေးကအစေခံကို စိုက်ကြည့်လိုက်တယ်။ တတိယသခင်လေးကျိုး ကမ်းလှမ်းမလာခင်အထိ သူကလုံးဝထုတ်မပြောဘူး။
"စီမော့ကိုလွှတ်လိုက်ပါမယ်။ သူကယွီမိသားစုကအငယ်လေးကို မြင်ဖူးထားပြီး ရုံရွှမ်ကျောင်းကိုသွားရမယ့်လမ်းလည်း သိပါတယ်။ တော်ဝင်မင်းသားယန် ပြန်ပြီးခဏနားလိုက်ပါ။ ကျွန်တော်မျိုး ကျိန်ရှုံစားသောက်ဆိုင်ကိုပြန်ပြီး စီစဉ်ထားလိုက်ပါမယ်"
ကျူးကျွင်းယန်က မောက်မာတဲ့ပုံစံနဲ့ ခေါင်းညိတ်ပြလိုက်တယ်။ ယွီမိသားစု အထူးသဖြင့် ယွီရှောင်ချောင်းနားမှာဆိုရင်တော့ သူကဖော်ရွေပြီး ချဉ်းကပ်ရလွယ်တဲ့ဘက်ကိုပြလိမ့်မယ်။
ကောင်လေးသုံးယောက်က သတင်းကိုလက်ခံရရှိတော့ ပျော်လို့ခုန်ပေါက်နေကြတယ်။ အထူးသဖြင့် ကျိန်ရှုံစားသောက်ဆိုင်မှာ စားခွင့်ရတာကို ဂုဏ်ယူစရာလို့ အမြဲသတ်မှတ်ထားတဲ့ စွမ်ရန်ဇယ်ပေါ့။ သူတို့စားပွဲတွေက အချိန်အကြာကြီး စောင့်ရတာကြောင့် တစ်စုံတစ်ယောက်ကသူဌေးဖြစ်လို့ဆိုပြီး စားပွဲရလိမ့်မယ်လို့ အာမခံမရဘူး။ သူ့မိသားစုက ထန်ကူမြို့ကမဟုတ်တော့ သူ့အဖေက ဒီစားသောက်ဆိုင်မှာစားဖို့ အချိန်ရောငွေရော အကုန်ခံမှာမဟုတ်ဘူး။
ကံကောင်းစွာနဲ့ သူတို့က ခန်းမထဲမှာမဟုတ်ဘဲ သီးသန့်ခန်းထဲမှာ စားခဲ့ကြတယ်။ မဟုတ်ရင် ယွီရှောင်ချောင်းက ကိုယ်ပိုင်ဟင်းရွက်တွေခူးယူလာတာဆိုတော့ တခြားစားသုံးသူတွေရဲ့အာရုံကို ဆွဲဆောင်သွားနိုင်တယ်လေ။ ခေါင်းဆောင်စားဖိုမှူးဝမ်က မြို့တော်ကိုသွားပြီဆိုပေမယ့် ကျိန်ရှုံစားသောက်ဆိုင်ရဲ့ လက်ရှိခေါင်းဆောင်က သူ့ရဲ့တိုက်ရိုက်တပည့်ဖြစ်ပြီး ဆရာ့ထက်ပင် လက်စောင်းထက်သေးတာမို့ သူတို့ နေ့လယ်စာကို စိတ်ကျေနပ်စွာ စားခဲ့ကြရတယ်။
စိတ်မကျေနပ်နိုင်တဲ့တစ်ယောက်သောသူကတော့ ကျူးကျွင်းယန်…။ တတိယသခင်လေးကျိုးကို သူ့မျက်လုံးကနေ ဓားမြှောင်တွေလှမ်းပစ်နေပြီး
'ဒီကောင်ဘာလို့ ဒီလောက်မလိမ္မာမပါးနပ်ရတာလဲ။ အရှက်မရှိ ငါတို့နဲ့လာပေါင်းစားနေတယ်—တော်တော်စိတ်အနှောင့်ယှက်ဖြစ်ဖို့ကောင်းတာပဲ'
ကျိုးကျီရွှီကလည်း သူ့ရဲ့အပြစ်ကင်းစင်မှုနဲ့ စိတ်ရှုပ်ထွေးမှုကို ထုတ်ဖော်ရင်း
'တော်ဝင်မင်းသားယန်က ငါ့ကိုသိပ်သဘောမကျသလိုပဲ၊ ငါသူ့ကိုဘယ်တုန်းက စိတ်အနှောက်အယှက်ပေးခဲ့မိလို့လဲ'
အခန်းထဲမှာ ကျိုးကျီရွှီက စီရင်စုအဆင့်စာမေးပွဲဖြေဆိုနေရတဲ့ ကလေးသုံးယောက်ကိုမေးလိုက်တယ်။
"ကြားထဲကနားရက်တွေအပါအဝင် စီရင်စုအဆင့်စာမေးပွဲရဲ့ အဆင့်သုံးဆင့်ပြီးဆုံးဖို့ လဝက်လောက်ကြာလိမ့်မယ်။ ဘယ်မှာနေကြမလဲတွေးပြီးပြီလား"
စွမ်ရန်ဇယ်က ကြက်ကင်ရဲ့ဒူးဆစ်ပိုင်းကိုစားနေပြီး သူ့ပါးစပ်ကဆီတွေပေပွနေတယ်။ သူကမြိုချလိုက်ပြီး ပြန်ဖြေတယ်။
"သေချာတာပေါ့ ကျွန်တော့်အိမ်မှာနေကြမှာ။ ကျွန်တော့်အိမ်က စီရင်စုမြို့ကအုပ်ချုပ်ရေးရုံးနဲ့နီးတော့ အဆင်ပြေတာပေါ့"
သူများထက်သာချင်စိတ်မရှိတဲ့ လျိုကျင်းယဲ့က
"ကျွန်တော့်မိသားစုက စားမေးပွဲဝင်းနဲ့မျက်နှာချင်းဆိုင်မှာ အိမ်တော်တစ်ခုရှိတယ်—အဲ့နေရာမှာလိုက်နေတာ ပိုအဆင်ပြေလိမ့်မယ်"
ယွီရှောင်ချောင်းက သူ့မောင်လေး စီရင်စုအဆင့်စာမေးပွဲသွားဖြေရင်လိုက်ဖို့ ကြိုတင်ဆုံးဖြတ်ထားပြီးသားဖြစ်ပေမယ့် သူများအိမ်မှာလိုက်နေဖို့တော့ တွန့်ဆုတ်နေတယ်။ ဒါပေမယ့် တည်းခိုဆောင်မှာနေမယ်ဆိုရင်လည်း အရမ်းဆူညံနေမှာမို့ အဆင်မပြေဘူး။ ပြီးတော့ သူမမောင်လေးအတွက် ချက်ပြုတ်ပေးရဦးမှာ။
တတိယသခင်လေးကျိုးက သူမတုံ့ဆိုင်းနေတာကိုမြင်ပြီး
"မင်း သူတို့အိမ်မှာမနေချင်ဘူးဆိုရင်လည်း စီရင်စုမြို့မှာ ငါ့အိမ်တော်ရှိတယ်။ ဒါပေမယ့် စာမေးပွဲဝင်းနဲ့ဝေးတယ် နာရီဝက်လောက်လျှောက်ရမှာ"
သူပြောလို့မပြီးသေးခင်ဘဲ တော်ဝင်မင်းသားယန်က စိုက်ကြည့်လာတယ်။ သူ့စိတ်ထဲမှာ ကျူးကျွင်းယန်က ရေရွတ်နေတယ်။
'အကြောင်းပြချက်မရှိဘဲကူညီနေတာ မကောင်းတဲ့ရည်ရွယ်ချက် ရှိကိုရှိရမယ်။ ဒီကောင်က ယွီရှောင်ချောင်းနား ကော်လိုလိုက်ကပ်နေတာ။ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက် ရှိကိုရှိရမယ်။ သူ့ရှောင်ချောင်းက စာရွက်ဖြူလို ဖြူစင်တာမို့ တခြားသူတွေ ညစ်ညမ်းအောင် လုပ်တာတွေကနေ ကာကွယ်ပေးရမယ်’
"ဘာတွေတုံ့ဆိုင်းစရာရှိနေတာလဲ။ မင်းမှာငွေပြတ်လပ်နေတာမှမဟုတ်တာ စာမေးပွဲဝင်းနားမှာ အိမ်တစ်လုံးဝယ်လိုက်ပေါ့။ ငွေသုံးဖို့တွန့်ဆုတ်နေရင်လည်း ငါတစ်စိတ်တစ်ပိုင်းလောက်ပံ့ပိုးပေးမယ်"
ကျူးကျွင်းယန်က ယွီရှောင်ချောင်းနဲ့ တတိယသခင်လေးကျိုးတို့ကြားထဲ ဘယ်လိုဆက်နွယ်မှုမျိုးမှ လိုချင်မနေဘူး။
ယွီရှောင်ချောင်းက ခေါင်းငုံ့ပြီးတွေးနေတယ်။
'သင့်လျော်တဲ့အိမ်ဝယ်တာကလည်း မဆိုးပါဘူး။ နှစ်တိုင်းနှစ်တိုင်း စီရင်စုအဆင့်စာမေးပွဲဖြေမယ့်ကျောင်းသားတွေရှိနေမှာ။ အိမ်ကသာ စာမေးပွဲဝင်းနဲ့အနီးမှာရှိရင် နောက်ကျငှားရမ်းလို့မရမှာစိုးရိမ်စရာမရှိဘူး။ ဒါပေမယ့် နေရာကောင်းမှာရှိနေတဲ့အိမ်ကို ဘယ်သူကရောင်းမှာတဲ့လဲ’
သူမစိုးရိမ်နေတာကို ပြောလိုက်တော့ ကျူးကျွင်းယန်က အားလုံးကိုလက်ခံပြီး ပြောလိုက်တယ်။
"စိုးရိမ်မနေနဲ့ ဒီကိစ္စကို ဒီမင်းသားရဲ့တာဝန်ထားလိုက်။ စီရင်စုအဆင့်စာမေးပွဲမတိုင်ခင် သင့်တော်တဲ့တစ်အိမ်ရဖို့ ငါတာဝန်ယူတယ်"
သူဒါကို ကျိုးကြောင်းမတွေးဘဲ ပြောလိုက်တာမဟုတ်ဘူး။ ကျင်းဝေစီရင်စုမြို့တော်ရဲ့ တရားသူကြီးက စီရင်စုမြို့တော်မှာ အိမ်တော်အချို့နဲ့ ဆိုင်ခန်းတွေရှိတယ်။ စာမေးပွဲဝင်းနားမှာလည်း ဆိုင်ခန်းတစ်ခုရှိတယ်။ ထိုဟာက ရှေ့မှာဆိုင်ရှိပြီး အနောက်မှာသုံးပိုင်းခွဲခြံဝင်းရှိတယ်။ ရှောင်ချောင်း သဘောကျလောက်မှာပါ။
ပိုင်ရှင်က ဆိုင်ခန်းကို မရောင်းမှာတော့ သူစိတ်ပူမနေဘူး။ စီရင်စုတရားသူကြီး ငယ်ငယ်တုန်းက သူ့ဖခမည်းတော် တော်ဝင်မင်းသားကျင်းလက်အောက်မှာ အလုပ်လုပ်ခဲ့တာဖြစ်သည်။ ထိုအဆက်အသွယ်နဲ့ပဲ စီရင်စုတရားသူကြီး ဖြစ်လာတာပင်။ စီရင်စုတရားသူကြီးအဖြစ် သူရဲ့သက်တမ်းက ကုန်လုနီးပါးဖြစ်နေပြီး သူရဲ့ရာထူးတိုးမှုက မင်းသားကျင်းရဲ့စိတ်အခြေအနေပေါ်မှာ လုံးလုံးလျားလျား မူတည်နေတယ်။ ပြီးတော့ ကျူးကျွင်းယန်က စီရင်စုတရားသူကြီးကို အခွင့်ကောင်းယူမည်မဟုတ်၊ ဆိုင်ခန်း၏ မည်သည့်ကုန်ကျစရိတ်ကိုမဆို ပေးလိမ့်မည်။
သူမ တော်ဝင်မင်းသားယန်ရဲ့စကားတွေကိုသံသယ၀င်နေသေးပေမယ့် တိတ်ဆိတ်နေလိုက်တယ်။ သူမအတွက် သင့်တော်တဲ့အိမ်တစ်လုံးကို မဝယ်နိုင်ခဲ့ဘူးဆိုရင်တော့ တတိယသခင်လေးကျိုးရဲ့အိမ်တော်မှာ အရှက်မရှိနေရလိမ့်မည်။ ဘယ်လိုပဲဖြစ်ဖြစ် သူလည်းခဏခဏနေတာမှ မဟုတ်တာ။
ကျူးကျွင်းယန်က ယွီရှောင်ချောင်းသူ့ကို ဖြစ်နိုင်ခြေမရှိဘူးဆိုပြီး သံသယဝင်နေတာကိုသိတယ်။ သူလည်းစိတ်တိုပြီး နောက်နေ့ကျ စီရင်စုကိုအမြန်သွားပြီး သူ့ရည်ရွယ်ချက်ကို စီရင်စုတရားသူကြီးယန်ကို ရှင်းပြလိုက်တယ်။ စီရင်စုတရားသူကြီးယန်ကလည်း သူ့ရာထူးသက်တမ်းကုန်ဖို့ တစ်နှစ်တောင်မလိုတော့တာကို သိတယ်။ စီရင်စုစာမေးပွဲဝင်းနဲ့နီးတဲ့ ဆိုင်ခန်းက အလွန်ကောင်းမွန်ပေမယ့် သူ့ကိုယ်ပိုင်အနာဂတ်လောက်တော့ အရေးမကြီးဘူးလေ။ တုံ့ဆိုင်းမနေဘဲ အလွန်နည်းတဲ့ဈေးနဲ့ တော်ဝင်မင်းသားယန်ကို ချက်ချင်းရောင်းလိုက်တယ်။
တရားကြီးယန်ရဲ့လုပ်ရပ်ကို စိတ်ကျေနပ်သွားပြီး သူ ထန်ကူမြို့ကိုပြန်ရောက်တာနဲ့ သူ့အဖေဆီကိုစာပို့လိုက်ပြီး တရားသူကြီးယန်အတွက် စကားကောင်းပါ ထည့်ပြောပေးထားတယ်။ တစ်နှစ်ကြာပြီးနောက် စီရင်စုတရားသူကြီးယန်က မြို့တော်ရဲ့မြို့တော်ဝန် ဖြစ်လာခဲ့တယ်။ အဲ့တာက အဆင့်လေးအရာရှိပဲဆိုပေမယ့် မြို့တော်ရှိအရာရှိများကို ပြင်ပမှသူများနဲ့ မနှိုင်းယှဉ်နိုင်ဘူးလေ။ မြို့တော်ဝန်အဖြစ်နဲ့ သူက မြို့တော်ရဲ့အစိုးရနဲ့ ဘေးပတ်ဝန်းကျင်ဒေသတွေအပေါ်မှာ အခွင့်အာဏာရှိတယ်။ သူ့ကိုတော်တော်မြင့်တဲ့ အာဏာပိုင်တစ်ယောက်လို့ သတ်မှတ်လို့ရတယ်။
ကျူးကျွင်းယန်တာဝန်က ပါဝင်ပစ္စည်းတွေထောက်ပံ့ဖို့နဲ့ စီရင်စုမြို့မှာ နေစရာရှာဖို့ဖြစ်ပြီး ယွီရှောင်ချောင်းရဲ့ နေ့စဉ်တာဝန်ကတော့ သက်တောင့်သက်သာနေထိုင်ဖို့နဲ့ ကောင်လေးသုံးယောက်နဲ့မင်းသားတို့ အစားအသောက်တွေ သဘောကျရဲ့လားဆိုတာ သေချာစေဖို့ပါပဲ။

သက်တန့်ရောင်မိန်းမပျို Book 2 (MMTranslation)Onde histórias criam vida. Descubra agora