ဦးတည်ရာကိုယ်စီဖြင့် သွားလာနေကြသော လူများဖြင့်ရှုပ်ယှက်ခတ်နေသည့် လေဆိပ်...။လေယာဥ်ပေါ်မှ ဆင်းဆင်းချင်း မွေးရပ်မြေ၏လေနုအေးတစ်ချို့သည် ကျွန်တော့်၏ဆံနွယ်တစ်ချို့ကို ဖြတ်၍ တိုက်ခတ်သွားသည်..။
မရောက်တာကြာပြီဖြစ်သော မြို့သို့ ပြန်လာသော ကျွန်တော့်အား မည်သူမှလာရောက်ကြိုဆိုမည်မဟုတ်ပါ။
အေးစိမ့်စိမ့်လေဆိပ်အတွင်းရောက်သည်နှင့် ဥဒဟိုသွားလာနေကြသော လူများထဲမှ ကျွန်တော်နှင့်သိသောသူများပါမည်လား ရှာကြည့်သေးသည်။ထင်သည့်အတိုင်းပင် တစ်ယောက်ကိုမျှ သူမသိ။
Luggageတစ်လုံးကိုဆွဲလျက်ထွက်လာသော ကောင်လေးသည် အသားအရည်၏ကောင်းခြင်းဖြင့်ပြည့်စုံသူဖြစ်ကြောင်းကို ထိုသူဝတ်ဆင်ထားသော ဆွယ်တာအနက်ရောင်ကြောင့် ပိုသိသာစေသည်။လည်ပိတ်အနက်ရောင် ဆွယ်တာသည် ထိုသူ၏ခန္ဓာကိုယ်တွင် ချပ်ရပ်နေပြီး style pantဆင်စွယ်ရောင်သည် ခြေတံရှည်များကြောင့် အလွန်ရှည်နေသယောင်ယောင်...။
သွေးကြောစိမ်းများမြင်ရသည့်လက်ဖြူဖြူသည် တစ်ဖက်က အနက်ရောင်luggageကိုဆွဲလာပြီး လေဆိပ်အဝသို့ ရောက်လျှင် ခြေလှမ်းတို့ ခဏမျှရပ်သွားလေသည်။
ဘေးတစ်စောင်းလွယ်ထားသော အိတ်အဖြူထဲမှ မှတ်စုစာအုပ်လေးကိုထုတ်ကာ ခဏမျှကြာအောင် ဖတ်နေပြီးမှ သွားနေသော တက္ကစီတစ်စီးကို တားလိုက်သည်။
တက္ကစီသမား မမေးခင်ထဲက လိပ်စာကို ပြောပြပြီးလိုက်သည်မို့ okဆိုပြီး ခေါင်းညိတ်ပြသည်။
ကားလေးသည် အလျင်မလိုပါပဲ တငြိမ့်ငြိမ့်မောင်းနှင်နေသည်။ပြောင်းလဲသွားသော မြို့၏ရှူခင်းတွေတွင် အသစ်အသစ်သော အဆောက်အဦးတွေက ပိုလို့နေရာယူလာကြသည်။တိုးတက်နေသော မြို့ပြသည် သူနေထိုင်ခဲ့သော နေရာနှင့်ခြားနားစွာပင် သဘာဝ၏အငွေ့အသက်ဟူ၍ နည်းနည်းမျှ ရှိမနေ။
ကားပြတင်းမှတစ်ဆင့်မြင်နေရသော မြင်ကွင်းများကို ကြည့်နေရင်းဖြင့် မသိလိုက်ခင်မှာပဲ ကားလေးက တုံ့ခနဲရပ်သွားသည်။