စာရွက်ဖြူပေါ် စိတ်လိုလက်ရဆွဲမိတဲ့ စုတ်ချက်တိုင်းဟာ လေးနက်စွာ ၊ ဖိချက်အားပြင်းသည်ကြောင့်လားမသိ မျဥ်းကြောင်းတွေက ထင်းထင်းကြီးဖြစ်နေ၏။မျက်ခုံးနှစ်ဖက်သည် အလယ်တွင်ထိလုနီးပါးကျုံ့ထားရင်း အံ့ကြိတ်ဆွဲနေမိသော ပန်းချီကား...။
နောက်ဆုံးစုတ်ချက်အပြီးမှာတော့ ထိုင်ခုံမှထကာ ဒေါသတကြီးဖြင့်ထိုစက္ကူချပ်ကို ဆွဲဖြဲပစ်လိုက်၏။
ရုပ်လုံးမပေါ်သေးသော လက်ရာစုတ်စုတ်ပန်းချီကားသည် ကျွန်တော့်လက်ထဲမယ် အစိတ်စိတ်အမွှာမွှာဖြစ်နေခဲ့သည်။
ထိုသို့မတ်တပ်ရပ်နေရင်း နံရံဖြူဘက်သို့ မျက်နှာမူနေသည့် ကျွန်တော့်လက်တွေသည် ဆေးစက်တွေ ပေကျံ့နေခဲ့ပြီ။
မဟုတ်ဘူးးး....။
သေချာကြည့်ရင် လက်မှာဆေးစက်တွေရော သွေးတွေပါ ခြောက်ကပ်နေပြီ။
နံရံဘက်မျက်နှာမူနေသော ကျွန်တော်သည် ဖြေးဖြေးချင်း ပြုံးနေရင်းမှ ကျွန်တော့်ဘက်သို့လှည့်လာသည်။
ကျွန်တော်လို့ ထင်ရသော ကျွန်တော်မဟုတ်သည့် ကျွန်တော်...။
ညလယ်ခေါင်ကြီး ချွေးစေးတွေပြန်ပြီး လန့်နိုးလာသည့်ဆောင်ဟွန်းးး။
အသိစိတ်တို့ ကပ်လာသည့်အခါမှ နဖူးထက်ဝယ် ချွေးတို့စီးကျနေသည်မှာ အင်္ကျီတွေပင် စိုရွှဲရသည်အထိဖြစ်နေသည်ကိုပင်။
အယောင်ယောင်အမှားမှားဖြင့် လက်တွေကိုကြည့်မိလျှင် ဖြူဖွေးနေသည့် လက်ချောင်းအသွယ်သွယ်ကိုသာ မြင်ရသည်။
သွေးတွေရော ဆေးစက်တွေပါ မရှိသည်ကို မြင်မှ သက်ပြင်းမောချမိသည်။ထို့နောက် အာခေါင်ခြောက်လာသလို ခံစားရသည်ကြောင့် အိမ်အောက်ထပ်သို့ ရေသောက်ရန်ဆင်းလိုက်သည်။
လူမရှိနေသည့် အိမ်အောက်ထပ်တွင် ထူးဆန်းစွာဖြင့် မီးဖိုချောင်တစ်ခုတည်း
မီးလင်းနေသည်ကြောင့် ဆောင်ဟွန်း ထိတ်လန့်မိသွားသည်။အကိုဟီဆွန်းက ဒီနေ့ဂျူတီရှိတာကြောင့် အိမ်ပြန်မလာဘူးဟု ပြောထားသည်ကြောင့် အကိုဟီဆွန်းတော့မဖြစ်နိုင်။