စားပွဲဝိုင်း၏ အစွန်ဘက်တွင် ဟီဆွန်းနှင့်မျက်နှာချင်းဆိုင် ထိုင်နေသော ကောင်ငယ်လေးသည် သူ့ရှေ့က နွားနို့ခွက်အေးနေသည်ကိုတောင် သတိထားမိရဲ့လား...။သူ့ကိုတစ်ချိန်လုံး စိုက်ကြည့်နေတာကိုတောင် သတိမထားမိလောက်အောင် မနက်စာဝိုင်းတွင် အိပ်ငိုက်နေလေသည်။
"ဟွန်း..''
"ဟွန်းလေးးး''
နှစ်ခွန်းမြောက်ခေါ်သည်အထိ တုတ်တုတ်မျှ မလှုပ်...။
"ဆောင်ဟွန်းးး!!''
အသံကိုဖိအော်လိုက်မှ အလန့်တကြား အသိဝင်လာသူသည် မျက်ကွင်းတွေလဲညိုလို့...။
"ဘာတွေ ဒီလောက်တောင် အိပ်ငိုက်နေတာလဲ...''
မျက်နှာကိုပွတ်သပ်ရင်း မျက်လုံးကို အသားကုန်ပြူးထားကာ..
"ဟင့်အင်း...ခုတလော အိပ်ပဲအိပ်ချင်နေလို့...ဝှားးးး''
ပြောရင်းဆိုရင်း တဝါးဝါးသမ်းနေသော ဆောင်ဟွန်းကိုကြည့်ရသည်မှာ ရက်ပေါင်းများစွာ အိပ်ရေးပျက်ထားသူနှင့်ဆင်တူသည်။အရင်ကဆို မျက်နှာပြည့်ပြည့်လေးနှင့်ကလေးသည် တစ်ပတ်အတွင်းမှာပဲ ချောင်ကျသွားကာ မျက်ကွင်းညိုလာသည်မှာ ပန်ဒါပေါက်စလေးလိုဖြစ်နေသည်။
"ဒီရက်ပိုင်း ကိုကိုညဘက်တွေမရှိရင် အပြင်ထွက်နေသလားး?''
ကော်ဖီသောက်ရင်း မျက်လွှာချထားလျှက် မေးနေသူ၏အသံသည် ဟွန်းကိုထိတ်လန့်သွားစေသည်။
"မ..မထွက်ပါဘူး...အိမ်မှာပဲနေနေတာပါ''
"ကိုကိုမသိအောင်ဘာမှမလုပ်တာကောင်းမယ်နော် ဟွန်းလေးး... တစ်ခုခုမဟုတ်တာလုပ်နေတာကို ကိုကိုသိသွားရင် ဦးလေးဆီကို ဖုန်းဆက်ပြီးလှမ်းတိုင်မှာ...''
"ဟုတ်...''
အကိုဟီဆွန်းသည် ဆောင်ဟွန်းကို ခဏမျှစိုက်ကြည့်နေသေးသည်။အကိုအရှေ့မှာမို့ မျက်လုံးပြူးထားကာ ရှေ့မှနွားနို့ကို တဂွက်ဂွက် ဟန်ပြလုပ်ပြီးသောက်လိုက်သေးသည်။
ထိုအခါမှ အိတ်ကိုဆွဲကာ ဆေးရုံသို့ သွားပြီဖြစ်ကြောင်းနှုတ်ဆက်သွားသည်။လိမ်လိမ်မာမာနေရန်လဲ မှာသွားသည်မို့ ခေါင်းငြိမ့်ပြလိုက်သည်။