ကိုကိုနဲ့ပြန်တွေ့တဲ့အချိန်မှာ တင်းထားခဲ့တဲ့ မျက်ရည်တွေ တာကျိုးသလိုကျလာပြီးတော့ ပြေးဖက်မိတော့တာပဲ။
ညီကိုနှစ်ယောက်ဘာမှတောင်မပြောနိုင်ပဲ တစ်ယောက်ကိုတစ်ယောက်ဖက်ပြီးငိုနေတာ ကြည့်နေတဲ့လူတွေကိုတောင်ဂရုမစိုက်မိဘူး။အနည်းငယ်စိတ်တည်ငြိမ်လာမှ လာပို့ပေးတဲ့ကားသမားဦးလေးကြီးကို ကျေးဇူးတွေအထပ်ထပ်တင်နေရင်း ကားသမားဦးလေးကြီးကလဲ ဘာမှမဖြစ်ကြောင်းပြောပြီး နှုတ်ဆက်သွားတော့တယ်။
ကိုကိုကတော့ ဆောင်ဟွန်းကို ခေါင်းစခြေဆုံးကြည့်ပြီး ထိခိုက်သွားတဲ့နေရာရှိမရှိသေချာရှာနေလေရဲ့။
ကိုကိုရှာနေလဲတွေ့မှာမဟုတ်ကြောင်းတော့မပြောပြဖြစ်ဘူး။တကယ်ဒဏ်ရာရနေတဲ့နေရာက နှလုံးသားလေးပါဆိုတာ ဘယ်သူမှသိတော့မှာမဟုတ်တဲ့အမှန်တရားလေးတစ်ခုပါပဲ။
အိမ်ပြန်ခေါ်လာတဲ့လမ်းတစ်လျှောက်လုံး ဘာတွေဖြစ်ခဲ့လဲပဲမေးနေတာကြောင့် ဘာမှကိုမဖြစ်ခဲ့ကြောင်းအထပ်ထပ်ပြောပြနေတာတောင်မှ ကိုကိုကမယုံဘူး။ကိုကိုမယုံချင်လဲမယုံချင်စရာပဲ။ပြန်ပေးဆွဲသွားပါတယ်ဆိုပြီးကြော်ငြာသွားခဲ့တဲ့သူက ဆောင်ဟွန်းကိုစိတ်တိုလို့နမ်းရုံကလွဲပြီးဘာမှမလုပ်ခဲ့ဘူးဆိုတာ ပြောပြလဲယုံမှာမဟုတ်ဘူးပဲလေ။
အိမ်ပြန်ရောက်တော့ ဖေဖေကပါအိမ်ပြင်ကိုပြေးထွက်လာပြီး ဆောင်ဟွန်းကို မျက်ရည်တွေနဲ့ကြည့်နေခဲ့တယ်။
အခုချိန်ဖေဖေနဲ့ဘယ်လိုကနေဘာအကြောင်းအရာတွေကိုစပြီးပြောရမလဲဆိုတာ ဦးနှောက်ထဲမှာပေါ်မလာတော့ဘူး။ဖေဖေ့ကိုစိတ်ဆိုးနေတာလားဆိုတော့လဲမဟုတ်ဘူး။ဖေဖေဒီလိုလုပ်မှာမဟုတ်ဘူးလို့ထင်နေခဲ့ပေမယ့် အမှန်တရားက ပြန်ပြင်လို့မှမရတော့တာပဲ။
''သားငယ်....အခုခန္ဓာကိုယ်ကနေလို့မကောင်းတဲ့နေရာရှိလား''
ပါးလေးကိုင်ရင်း မေးလာတဲ့ဖေဖေ့ကို ခေါင်းခါပြရင်း
''အဆင်ပြေပါတယ်...သားအခုနားချင်ပြီ''
အဲ့ဒီ့အခါမှ ကိုကိုနဲ့ဖေဖေက ပြာပြာသလဲဖြစ်ပြီး အခန်းထဲခေါ်သွားပြီ အတင်းနားခိုင်းတော့တယ်။မေးချင်တာတွေတပုံကြီးရှိနေမယ်ဆိုတာသိပေမယ့် အခုတော့အနားယူလိုက်ဖို့ကအကောင်းဆုံးပဲ။ထွက်ပြေးလာမိလို့ တစ်စုံတစ်ယောက်ကတော့ဘယ်လောက်ဒေါသထွက်နေမလဲတော့မတွေးရဲဘူး။