🎶နောက်ထပ်လာချင်လာပါ.. မထူးဆန်းတော့ပါ.. နှလုံးသားထဲက ဒီဒဏ်ရာတွေဟာ..
"Hello!"
"မြတ်ပါ.."
"ဗျာ! ဘယ်ကမြက်တုန်း၊ ကျွန်တော် နွားမွေးမထားဘူးဗျ"
"ဟင်! မနက်တုန်းက သူပဲဖုန်းနံပါတ်ပေးခဲ့ပြီးတော့"
"အစ်မဖုန်းမှားနေတာဗျ... ကျွန်တော် ဒီနေ့တစ်နေ့လုံး အပြင်မထွက်ရသေးဘူး"
"မှားစရာလားကွာ.. ဒီက ဘဝရဲ့နံပါတ်ကို ဟိုးအသဲကြားထဲကနေကို မှတ်မိနေတဲ့ဟာကို"
"ရော်.. ခက်ပြီ၊ အစ်မ ဘဝဟောင်းဆိုတဲ့ကောင်ဆီ ဆက်နေတာမလား"
"အင်းလေဘဝရယ်.. ဘဝပဲ ဖုန်းဆက်ချင်ရင် အချိန်မရွေးဆက်လို့ရတယ်ဆိုပြီး ပေးခဲ့တာကို"
"အစ်မတော့ ဂျင်းအကြီးကြီးမိပြီ.. ကျွန်တော်ပြောမယ်.. အဲ့ဒီဘဝဟောင်းဆိုတဲ့ကောင်က စစ်ကိုင်းက၊ တက္ကသိုလ်ပထမနှစ်၊ လူပုံစံက စမတ်ကျပြီး ဆွဲဆောင်မှုရှိတယ်၊ ပြီးတော့ သူက အဝတ်အစားဆိုလည်း အဖြူ၊ ကားဆိုလည်းအဖြူ၊ ဖိနပ်လည်းအဖြူ၊ ကုန်ကုန်ပြောရရင် ဖုန်းတောင်မှ အဖြူပဲကိုင်တာမဟုတ်လား"
"အင်းလေဘဝရဲ့.."
" ကျွန်တော်က အစ်မပြောတဲ့ ဘဝဟောင်းဆိုတဲ့ကောင် မဟုတ်ဘူး။ ကျွန်တော့်နာမည်က ခေတ်သစ်၊ ပြီးတော့ ရန်ကုန်က.. အဲ့ဒီဘဝဟောင်းဆိုတဲ့ကောင်က ဘာရည်ရွယ်ချက်နဲ့ တွေ့သမျှလူ အကုန်လုံးကို သူ့ဖုန်းနံပါတ်ပါဆိုပြီး ကျွန်တော့်ဖုန်းနံပါတ်ကို လိုက်ပေးနေမှန်းတော့ ကျွန်တော်လည်းမသိဘူး။ ဒါပေမဲ့ တကယ်လို့ အစ်မ အပြင်မှာ သူနဲ့ထပ်တွေ့ခဲ့ရင် ပြောလိုက်ပါ.. နောက်တစ်ခါ ဘဝဟောင်းဆိုပြီး ကျွန်တော့်ဆီဖုန်းလာခဲ့ရင် သူ့ကို ကျွန်တော်ကိုယ်တိုင် လာသတ်မယ်လို့"
ပြောပြီး ဖုန်းကိုချပစ်လိုက်တယ်။ တကယ်ပါ ကျွန်တော် ဒေါသထွက်လို့အသက်တိုတော့မယ်။ မထွက်ဘဲလည်းနေလို့မရ၊ အခုတလောလေးတင်ကို ဘဝဟောင်းဆိုပြီး ဖုန်းဝင်ဝင်လာတာက အခါနှစ်ဆယ်မကတော့ဘူး။ တစ်ခါတလေလောက်ဆိုရင်တော့ ထားပါတော့၊ ဖုန်းမှားတယ်ဆိုပြီး လက်ခံလို့ရသေးတယ်။ အခုက မဟုတ်၊ သက်သက်မဲ့ကို ကျွန်တော့်ကိုလုပ်နေတာ။