ကျွန်တော်အိမ်ရှေ့ရောက်တော့ ကျွန်တော်တို့ခြံဝမှာ လူတစ်ယောက်ထိုင်နေတာကို တွေ့ရတယ်။ ဘယ်သူလဲသေချာကြည့်လိုက်တော့ အသစ်ပြောင်းလာတာမကြာသေးတဲ့ ဟိုဘက်အိမ်ကကောင်၊
သူများခြံဝမှာ လာထိုင်နေတာဖြစ်တဲ့အတွက် ကျွန်တော် ကားကိုဟွန်းတီးလိုက်တယ်။ ဟွန်းသံကြားတော့ သူက ထိုင်နေရာကနေ မတ်တတ်ထရပ်တယ်။ ဘေးကိုရှောင်ပေးတယ်။ နောက်တော့ ကျွန်တော် ကားပေါ်ကဆင်း၊ ခြံတံခါးဖွင့်ပြီး ကားကိုအထဲပြန်မောင်းဝင်တယ်။ သူက မပြန်သေးဘဲ ကျွန်တော်လုပ်သမျှကို လိုက်ကြည့်နေတယ်။ ဘာမှလည်းမပြော။ ကျွန်တော်ကလည်း သူ့ကိုကြည့်မရလို့ ဘာမှမမေး။ နောက် ကျွန်တော် ခြံတံခါးပိတ်တော့မယ်ဆိုမှ သူ ကျွန်တော့်အနားကို ရောက်လာပြီး စကားစတယ်။
"အမေရှိလား"
"ဘယ်သူ့အမေတုန်း... ငါ့အမေလား"
"အင်း... ရှိလား"
"မရှိသေးဘူး။ ဘာလုပ်မလို့တုန်း"
"အကူညီတောင်းစရာလေးရှိလို့ အိမ်ထဲခဏဝင်မယ်"
ပြောပြောဆိုဆိုပဲ ခြံတံခါးအတွင်းကို ဝင်သွားတဲ့သူ၊ ကူညီချင်စိတ် ရှိတယ်ရယ်လို့မဟုတ်ပေမဲ့ ဘာအကူအညီတောင်းမလို့လဲဆိုပြီး ကျွန်တော် သူ့အနောက်ကို လိုက်သွားလိုက်တယ်။ ခြံထဲကခုံလေးပေါ်မှာ သူဝင်ထိုင်တယ်။ ကျွန်တော် သူ့အနားရောက်တော့ ကျွန်တော့်ကို အိတ်အမည်းလေးနဲ့ထုပ်ထားတဲ့ အထုပ်တစ်ထုပ်ပေးတယ်။ ဘာတွေလဲဖွင့်ကြည့်လိုက်တော့ ဒဏ်ကြေလိမ်းဆေး၊ ပတ်တီးနဲ့ ကတ်ကြေးလေးတစ်လက်ကို တွေ့ရတယ်။
ဒါတွေဘာလုပ်ရမှာလဲဆိုတဲ့သဘောနဲ့ ကျွန်တော်သူ့ကို ကြည့်လိုက်တော့ သူ ကျွန်တော့်ရှေ့ကို ညာဘက်လက်လေး ဆန့်တန်းပေးတယ်။ ဘာလဲဆိုတဲ့သဘောနဲ့ ထပ်ကြည့်လိုက်တော့...
"ဆေးလိမ်းတာက ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်းလိမ်းလို့ရတယ်။ ပတ်တီးကျတော့ တစ်ယောက်တည်းစည်းလို့မဖြစ်လို့"
သဘောကတော့ သူတစ်ယောက်တည်း ပတ်တီးမစည်းနိုင်လို့ ကျွန်တော့်ကို အကူအညီလာတောင်းတယ်ပေါ့။ ကျွန်တော် ဘာမှမေးမနေတော့ဘဲ အိတ်ထဲကပတ်တီးထုတ်ပြီး သူ့ကိုစည်းပေးဖို့ပြင်လိုက်တယ်ဆိုရင်ပဲ...