[မနက်ခင်း လေးနာရီထိုးကြီးမှာ ကျွန်မဆီဖုန်းဝင်လာတယ်။ ဘယ်သူခေါ်တာလဲကြည့်လိုက်တော့ ကျွန်မချစ်သူ ကိုနေလင်းထိုက်ဆီက...
"Hello! ကိုထိုက်"
"ချစ်... တွေ့ချင်တယ်"
ဖုန်းကိုင်ကိုင်ချင်း ကြားလိုက်ရတဲ့စကားကြောင့် ကျွန်မရယ်ချင်သွားတယ်။ ကိုထိုက်တစ်ယောက် မူးနေတုန်းပဲထင်ပါတယ်လေ။
ဒီနေ့က နှစ်ဦး၊ လဦးဖြစ်တဲ့ ဇန်နဝါရီလ(၁)ရက်နေ့၊ New year ညဖြစ်တဲ့ မနေ့ညတုန်းက ကိုထိုက်တစ်ယောက် ကျွန်မဆီမှာ ခွင့်တောင်းခဲ့တယ်။ New Year ညတော့ သူငယ်ချင်းတွေနဲ့ ဖြတ်သန်းချင်တယ်တဲ့၊ နည်းနည်းပါးပါးလည်းသောက်မှာမို့ ချစ့်ကိုမခေါ်တော့ဘူးနော်တဲ့... ကျွန်မလည်းခွင့်ပြုလိုက်ပါတယ်။ ဒါပေမဲ့ တအားကြီးတော့ မသောက်ပါနဲ့လို့ပြောထားတာကို ၊ အခုကျ ကြည့်ပါဦး မနက်လေးနာရီထိုးကြီးကို တွေ့ချင်တယ်ဆိုပြီး ဖုန်းဆက်နေတယ်။
"ညတုန်းက ဘယ်လောက်တောင် သောင်းကျန်းထားလို့ အခုအချိန်ထိ အမူးမပြေသေးတာတုန်း"
"ကိုယ်မမူးပါဘူးကွာ... အိပ်ရာနိုးနိုးချင်း ချစ်ကိုသတိရလို့ ဖုန်းဆက်လိုက်တာ၊ တွေ့ရအောင်ချစ်ရာ ကိုယ်မင်းကို အရမ်းသတိရနေတာ"
"နာရီကိုလည်းကြည့်ပါဦးကိုထိုက်ရယ်၊ ဒီအချိန်ကြီး ချစ်က ဘယ်လိုအပြင်ထွက်မလဲ"
"မသိဘူးကွာ... ကိုယ်အခုလာပြီ... ချစ်အပြင်ကစောင့်နေ"
ပြောပြီးဖုန်းချသွားတယ်။ ကျွန်မက ဘာလုပ်လို့လုပ်ရမှန်းမသိဘူး။ စိတ်ထဲတော့ နည်းနည်းတစ်မျိုးကြီးပဲ၊ ခါတိုင်းဆို ကိုထိုက်က ဒီလိုမျိုးမဟုတ်ဘူး၊ အကျိုးသင့်အကြောင်းသင့်ကို နားလည်တယ်။ ဇွတ်တရွတ်လည်း ဘယ်တော့မှမလုပ်။
အမူးမပြေသေးလို့ဆက်တာလားမသိပေမဲ့ သူ တကယ်ရောက်လာရင်ဆိုတဲ့အတွေးနဲ့ ကျွန်မ အပြင်ကို ခိုးထွက်ရတယ်။ (၁၅)မိနစ်လောက်ကြာတော့ သူတကယ်ကြီး ရောက်ချလာတယ်။ ဒါပေမဲ့ ခါတိုင်းလို ကားကိုကိုယ်တိုင်မောင်းလာတာမဟုတ်ဘူး၊ တက္ကစီနဲ့ရောက်ချလာတာ။
"ချစ်... တက်"
ပြောလည်းပြောရင်း ကားပေါ်ကမဆင်းဘဲ ကျွန်မကိုတံခါးဖွင့်ပေးတယ်။