"ကိုကို ကျွန်တော့်ကိုချစ်သေးတယ်မလားဟင်"
မဝံ့မရဲနဲ့ ကျွန်တော်မေးလိုက်တယ်။ နားထဲမှာတော့ "ဘယ်ကစစ်ကိုင်းသားတုန်း... ဒီမှာ ငါက အသစ်ကလေးတွေနဲ့ ပျော်နေပြီ"ဆိုတဲ့အသံကို ကြားယောင်လျက်...
"အဲ့ဒါခဏထားစမ်းပါ... မင်းက ဘယ်လိုလုပ် ဒီကျွန်းပေါ်ရောက်နေရတာတုန်း"
အလိုမကျတဲ့လေသံမျိုးနဲ့ သူကပြန်မေးတယ်။
"ကျွန်တော်ရောက်နေတာကြာပြီ"
"ဟမ်!! ငါလာမယ်မှန်းသိလို့ ကြိုလာစောင့်နေတာလား"
"ဟာ မဟုတ်ပါဘူး။ ကျွန်တော်က ဒီကျွန်းရဲ့ ဝင်ငွေထွက်ငွေကို စီမံမယ့် စီမံရေးမန်နေဂျာ"
"သြော်... အဲ့ဒါကြောင့် သင်္ဘောပေါ်မှာ မတွေ့ပါဘူးလို့ထင်နေတာ"
"အင်း... ကျွန်တော်ရောက်နေတာကြာပြီကိုကိုရဲ့ သုံးလလောက်ရှိပြီ... အဲ့တော့ ကျွန်တော့်ကို ချစ်သေးတယ်မလားဟင်"
ကျွန်တော်ထပ်မေးတော့ သူသက်ပြင်းချတယ်။
"ငါပြောပြီးပြီလေဘဝဟောင်း... မင်းလူမှားနေတာပါလို့... ကျိုက်ထီးရိုးဘုရားမှာ မင်းတွေ့ခဲ့တဲ့သူက ငါမဟုတ်ဘူး... အဲ့တော့ မင်းချစ်တာကလည်း ငါ့ကိုမဟုတ်ဘူး"
ပြောရင်းနဲ့သူက ကမ်းစပ်မှာ ထိုင်းချလိုက်တယ်။ သူထိုင်တော့ ကျွန်တော်လည်း ဘေးကနေလိုက်ထိုင်တယ်။
"သိတယ်၊ သူက ကိုကိုမဟုတ်မှန်း ကိုကိုပြောလို့ ကျွန်တော်သိပြီးပါပြီ၊ ဒါပေမဲ့ ကျွန်တော် ကိုကို့ကို သူလို့ထင်ပြီး ရင်ခုန်တာလား၊ ဒါမှမဟုတ် ကိုကိုမို့လို့ကို ရင်ခုန်ခဲ့တာလားဆိုတာကို ကျွန်တော် နေ့နေ့ညည အကြာကြီးစဉ်းစားပြီးပြီကိုကို..."
ပြောရင်းနဲ့ ကျွန်တော် သူ့လက်ကို အသာအရာဆုပ်ကိုင်လိုက်တော့ သူ ကျွန်တော့်ကို သေချာကြည့်တယ်။
"ကျွန်တော် ကိုကို့ကို ချစ်တာကိုကို..."
ကျွန်တော့်ကိုသေချာကြည့်နေတဲ့ သူ့မျက်လုံးတည့်တည့်ကို ပြန်ကြည့်ပြီး ကျွန်တော်ပြောလိုက်တော့ သူ မျက်နှာလွှဲတယ်။