"ကဲ လျှောက်တော်မူစမ်းပါဦး၊ မင်းပြောတော့ လူအများအနှောက်အယှက်ဖြစ်တာထက်စာရင် တစ်ယောက်တည်းအနှောက်အယှက်ဖြစ်တာက တော်သေးတယ်ဆိုပြီး တွေ့ကရာဖုန်းနံပါတ်ကိုတောင်မှ တစ်မျိုးတည်းပဲ ပေးတာပါဆို၊ အခုကျ ဘယ်လိုလုပ် မင်းcrushဖြစ်သွားရတာတုန်း"
"အဲ့ဒါက ငါပြောရမှာရှက်လို့ကွ၊ တစ်ခါပဲတွေ့ဖူးတာလေးကို crushနေတယ်ဆိုပြီး ငါ့ကိုလှောင်မှာစိုးလို့"
"နေပါဦး၊ ငါက အဲ့နံပါတ်ပိုင်ရှင်က ဘုန်းကြီးတို့၊ သီလရှင်တို့ဖြစ်နေရင် ဘယ်လိုလုပ်မလဲဆိုတော့ မင်း စိုးရိမ်နေတာပါ၊ ထမင်းတောင်စားမဝင်ဘူးဆို"
"အေး.. အဲ့ဒါက ကျိုက်ထီးရိုးမှာ ငါ သူ့ဖုန်းနံပါတ်ကို မှတ်လိုက်တုန်းက တစ်လုံးကိုသေချာမကြားလိုက်ရဘူး၊ တစ်လိုလို ရှစ်လိုလိုနဲ့ ငါလည်းရမ်းထည့်လိုက်တာ၊ မင်းပြောတော့ ငါထည့်ထားတာကမှားပြီး သူတို့တွေဆီများ ရောက်နေမလားဆိုပြီး စိုးရိမ်သွားတာ၊ တော်ပါသေးတယ် သူ့ဆီတည့်တည့်ရောက်သွားလို့"
"သြော်... ဖြစ်ရမယ်၊ ဒါနဲ့ သူကရော မင်းတွေ့ခဲ့တဲ့သူဆိုတာ သေချာရဲ့လား"
"ဒီမှာလေ ကြည့်"
ကျိုက်ထီးရိုးမှာတုန်းက ရိုက်ထားမိတဲ့ သူ့ဓာတ်ပုံလေးသုံးပုံကို ကျွန်တော်ထုတ်ပြလိုက်တယ်။
"သိပ်မတူဘူးနော်၊ ဒီပုံထဲကကောင်က ပိုကြည့်ကောင်းသလိုပဲ"
"အေး... နှစ်နှစ်ရှိပြီကိုးကွ... ရုပ်ကတော့ဘယ်တူတော့မလဲ၊ ဒါပေမဲ့ အခုပုံစံလေးက ပိုချစ်ဖို့ကောင်းတယ်၊ ရှက်များရှက်နေရင်လေ ဘယ်လိုလေးမှန်းကိုမသိဘူး"
"ဖြစ်နေလိုက်တာ၊ ကိုယ့်ကိုယ်ကိုယ် အကျယ်ချုပ်ကျနေတယ်ဆိုတာကိုလည်း သတိရဦး"
"ကိစ္စမရှိဘူး၊ နေ့လယ်က ငါ့ကိုဖုန်းခေါ်ပေးလို့ကျေးဇူး"
"မလိုပါဘူး၊ မင်းကိုသနားလို့ကူညီပေးတာ၊ အခု သူ့ဘက်ကခံစားချက်ကိုလည်းသိရပြီဆိုတော့ မင်းဘာဆက်လုပ်မှာတုန်း၊ မင်းအမေကိုရော"
"ငါ့အမေက ဘာမှပူစရာမလိုဘူး၊ ငါ့အမေလက်ခံဖို့အတွက် ငါ့မှာနည်းလမ်းတွေရှိတယ်။ ကျန်တာကိုတော့ သူနဲ့တိုင်ပင်ရမှာပေါ့"