ညနေခြောက်နာရီခွဲတော့ သူ ထမင်းလာစားတယ်။ ထမင်းစားပြီး ဟိုဘက်အိမ်ကို ခဏလိုက်ခဲ့မလားတဲ့ ထပ်မံခေါ်တယ်။ ဒါပေမဲ့ ကျွန်တော်မလိုက်...
"မလိုက်တော့ဘူးကိုကို... မေမေခွင့်ပြုထားတဲ့ ကျောင်းအတူတူသွားခွင့်လေးပါ ဆုံးရှုံးသွားမှာစိုးလို့"
ဆိုတော့ သူ ခေါင်းညိတ်ပြတယ်။ နောက်တော့ အိမ်ပြန်သွားတယ်။
______***_____
💬ဘဝဟောင်း
ည(၁၂)နာရီကျော်အချိန်ကြီးမှာ ကိုကို့ဆီကနေ ဝင်လာတဲ့မက်ဆေ့ဂျ်။ တကယ်တော့ ကျွန်တော် အဲ့ဒီအချိန်ကတည်းက သိသင့်တာပါ။ သို့ပေမဲ့ ကျွန်တော်မရိပ်မိ၊ မွှန်ထူးပြီး အရမ်းကိုပျော်နေခဲ့တာမို့
💬ဗျာ... ကိုကို
💬ချက်ချင်းပြန်ထူးတယ်ဆိုတော့ မအိပ်သေးဘူးပေါ့
💬ဟုတ်တယ်ကိုကို... မနက်ကျ ကိုကို့ကို မနက်စာ ဘာကျွေးရင်ကောင်းမလဲ စဉ်းစားနေတာ၊ ကိုကိုရော မအိပ်သေးဘူးလား
💬အင်း... ငါလည်းစဉ်းစားနေတာ၊ သေချာစဉ်းစားကြည့်လိုက်တော့ ငါ မင်းကို ချစ်တယ်လို့ တစ်ခါမှမပြောဖူးဘူးလားလို့
💬ဟုတ်တယ်ကိုကို... အခုပြောပါလား၊ ကျွန်တော်ဖုန်းခေါ်လိုက်မယ်လေ
💬အခုက မိုးချုပ်နေပြီလေ
💬ဒါပေမဲ့ ကျနော်ကြားချင်
စာရိုက်နေတုန်းတန်းလန်း ဖုန်းဝင်လာတယ်။ ဘယ်သူလဲတော့မေးစရာမလို၊ ကျွန်တော့်ချစ်သူ ကိုကိုခေတ်သစ်ဆီက... အားရဝမ်းသာနဲ့ ကောက်ကိုင်လိုက်တော့ ကျွန်တော်တောင် ဟဲလိုမလုပ်ရသေးဘူး ကိုကို့အသံက အရင်ထွက်ချလာတယ်။
"ချစ်တယ်... ဘဝဟောင်း"
ဖုန်းကိုင်ကိုင်ချင်း ကြားလိုက်ရတဲ့ ကိုကို့စကားကြောင့် ကျွန်တော့်မှာ ကျင်ခနဲဖြစ်သွားရတယ်။ တစ်ဆက်တည်းမှာပဲ ရင်ဘတ်ထဲက တဒုတ်ဒုတ်ခုန်လာတယ်။
"ကိုကို!!"
ရင်တွေပါမက အသံတွေပါ တုန်နေတာမို့ ကျွန်တော်ဘာမှဆက်မပြောနိုင်။
"ဒါပဲနော်ဝလုံးလေး... ကျန်းမာရေးဂရုစိုက်"
အရင်ကတော့ ရွဲ့ပြီးတော့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် တစ်ခုခုယုတ်မာတော့မယ်ဆိုမှသာ အခေါ်ခံခဲ့ရတဲ့ ဝလုံးလေးဆိုတဲ့နာမည်ဟာလည်း အခုချိန် အခေါ်ခံလိုက်တော့ ထန်းလျက်ပေါ် သကြားဖြူးထားသလိုလို...