"ဗျာ! မေမေပြန်ရောက်နေပြီလား"
"......."
"ဟုတ်... ပြန်လာခဲ့မယ်မေမေ"
"......"
"ဟုတ်မေမေ... အခုချက်ချင်းပြန်ခဲ့မယ်နော်"
"မေမေပြန်ရောက်နေပြီတဲ့"
ဖုန်းချပြီးတာနဲ့ ကျွန်တော့်ဘက်ကို လှည့်ပြောလာတဲ့သူ...
"မြန်တယ်နော်၊ ငါ့ကိုပြောတုန်းက သုံးရက်ဆိုပြီး"
ဘာမှမသိချင်ယောင်ဆောင်ပြီး ကျွန်တော်ပြန်ပြောလိုက်တော့ ဘဝဟောင်းက သက်ပြင်းချတယ်။
"သုံးရက်နဲ့ တစ်ခုခုဖြစ်အောင်လုပ်မလို့ကို သွားပါပြီ"
ညည်းညည်းညူညူပြောလာတဲ့သူ့ကို ကျွန်တော် စိတ်ထဲကနေပဲ "အိမ်ရောက်ရင်ဖြစ်မှာပါ မပူနဲ့"ဆိုပြီး ပြောလိုက်တယ်။ အပြင်မှာတော့ ကျွန်တော် ဘာမှမပြော...
"အသုံးအဆောင်ပစ္စည်းတွေထားခဲ့မယ်နော်၊ နောက်မှ တစ်ခုချင်း ပြန်လာယူမယ်"
"သဘောပဲ"
သူပြန်သွားတော့ အိမ်အတွင်းထဲကိုဝင်ပြီး ကျွန်တော် အားရပါးရပြုံးတယ်။ သူ့အမေဘာတွေပြောမလဲ ကျွန်တော် သိချင်မိပါရဲ့...
_______***______
"ရော့"
ဘာမပြောညာမပြောနဲ့ ကျွန်တော့်ရှေ့ကို စာအိတ်တစ်အိတ်ကမ်းပေးလာတဲ့ ဘဝဟောင်းရဲ့သူငယ်ချင်းဖြစ်သူကြောင့် ကျွန်တော်ကြောင်သွားရတယ်။
"ဘာတုန်း"
ကျွန်တော်မေးတော့ ကျွန်တော်ထိုင်နေရာ စားပွဲဝိုင်းမှာပဲ ဝင်ထိုင်လာပြီး
"ဘဝဟောင်းက ပေးခိုင်းလိုက်တာ"
"သြော်..."
သြော်ဆိုပြီး သူ့လက်ထဲကစာကို ကျွန်တော် လှမ်းယူလိုက်တယ်။ ချက်ချင်းပဲ ဖွင့်ဖောက်လိုက်တော့ အထဲမှာတွေ့ရတာက ခပ်ဝိုင်းဝိုင်းလေးရေးထားတဲ့ စာလုံးလေးခြောက်လုံး...
< တကယ်ချစ်တာယုံပါ >တဲ့
ဒီကောင် နောက်တာလားဘာလားမသိပေမဲ့ ဖတ်ရတာ ရင်ထဲတော့ တမျိုးပဲ။