[Zawgyi]
ဂွေးချောင်းရွာ၏ လူနေမှုကတော့ အတော်လေးရိုးရှင်းသည်။ရွာရှိလူတိုင်းလိုလို လယ်ယာစိုက်ပျိုးရေးနှင့်အသက်မွေးကြသူများဖြစ်သည်။မိုးရာသီ လမ်းပမ်းဆက်သွယ်ရေးမကောင်းသည်မို့ တစ်ဖက်ရွာတွေဆီ ကူးသန်းခြင်းသိပ်မလုပ်ကြပေမယ့် ခြောက်သွေ့သည့် နေရာသီရောက်လျှင်တော့ တောင်ကြီးတွေ၏တစ်ဖက်တွင်ရှိနေသော ရွာများသို့ စားသောကုန်များတင်ပို့ရောင်းချတတ်ကြသည်။တောင်ပတ်လည်ဝိုင်းကာ ထားသည့် သူတို့ ရွာကလေးက အိမ်ခြေအနည်းငယ်သာရှိပေမယ့် အတော်လေးတော့ကျယ်သည်ပြောရမည်။ခြံတစ်ခြံနှင့်တစ်ခြံမှာလည်း အလွန်ဝေးကွာစွာရှိနေလေသည်။
ထော်လာဂျီက ပြုပြင်ရန်လိုသေးသည်မို့ သူတို့သုံးဦးသား လမ်းလျှောက်လာကြရလေသည်။မနေ့က လမ်းကြောသိပ်မကောင်းတာကြောင့်လဲ ပါမည်ထင်သည်။ရွာမှာဟိုးဒီ ခနသာမောင်းနှင်ရင်းသုံးကြသည်မို့ ယခုတခါတော့ ထော်လာဂျီလေးလဲ ခြေကုန်လက်ပမ်းကျသွားသည်ဖြစ်ရမည်။
"ဟေ့ရောင် တုတ်ကြီး...ညကျ လိုက်မယ်မဟုတ်လား.."
ငကြွက်က သူ့ခြံထဲမဝင်ခင် လှည့်မေးလိုက်လေသည်။
တုတ်ကြီးက လယ်ထဲမှ ချိုးယူလာသည့် ကန်စွန်းပင်တို့အား ငကြွက်ဆီမှလက်လွှဲပွေ့လိုက်ရင်း ခေါင်းညိမ့်သည်။
"အင်း...လိုက်မယ်လေ...အိမ်မှာ သူလဲရှိနေတာဆိုတော့..ဒီတခါတော့မရောင်းတော့ဘူး."
လယ်ထဲတောင်မဆင်းနိုင်ပဲ ဟင်းချက်စရာတွေသာ ခူးယူလာသည့်တုတ်ကြီးကပြောလာလေသည်။ဒီနေ့တော့ အလုပ်နားမည့်ပုံ။သူ့အတွေးကတော့ရိုးရှင်းလှသည်။အိမ်ထောင်တစ်ခုတည်ပြီးမှတော့ သူအရင်လိုနေနေ၍လဲ မသင့်တော်တော့ပေ။တကိုယ်ရည်စာဟာ ဘာမှမဖြစ်ဘူးဆိုပေမယ့် သူတာဝန်ယူကိုယူရမည့် တစ်ယောက်ယောက်ရှိလာပြီမို့ သူ့နေမှုထိုင်မှု ပုံစံအချို့ကိုတော့ကိုပြောင်းကိုပြောင်းရပေတော့မည်။
ပြောမယ့်သာပြောရမည် သူ့ဘဝက အတော်လေးရိုးရှင်းနိုင်လွန်းသည်။သူက လယ်ထဲတွင်သာ အချိန်ပြည့်နေခဲ့ပြီး အိမ်ပြန်ရောက်သည့်အခါတွင်တော့ အထီးကျန်စွာ တစ်ရက်ပြီးတစ်ရက်ဖြတ်သန်းလာခဲ့ရလေသည်။ရွာနဲ့ခပ်လှမ်းလှမ်းမှာ အိမ်ကြီးတစ်လုံးရှိပြီး ထိုအိမ်ကြီးထဲတွင်တော့ ဆွေမရှိမျိုးမရှိသည့် ကိုကိုမောင်ဆိုသည့် သူ တစ်ဦးတည်းသာနေထိုင်နေသည်။သူသည် ခွန်အားဗလတောင့်တင်းကာ မည်သည့်အလုပ်ကိုမဆို နေပူပူ မိုးရွာရွာလုပ်နိုင်သည်။သို့ပေမည့် သူအိမ်ပြန်ရောက်သည့်အခါတွင် သူ့အားချွေးသိပ်ပေးမည့်သူတစ်ယောက်မျှပင်မရှိ။သူ့ဝင်ငွေတွေအား သိမ်းဆည်းပေးမည့်သူမရှိ။သူနေမကောင်းသည့်အခါ အပူအအေးမျှတအောင် အရသာရှိတာများအားချက်ကျွေးမည့်သူမရှိ။