[Zawgyi]
"ဦးလေးတုတ်ကြီး....ဦးလေးတုတ်ကြီး...ဟော...ဟဲ...ကိုကြီးရေ...ကိုကြီး...သူ...သူ..."လူးလူးအားချီကာ အမောတကောပြေးလာသည့် ဖိုးလုံးကြောင့်တုတ်ကြီးထိတ်လန့်သွားလေသည်။မဟုတ်မှ သူ့ဇနီးလေးက ဆော့ကစားနေရင်းတစ်ခုခုဖြစ်သွားတာများလား။
သူက ဖိုးလုံးလက်အားဆွဲကာ မေးလိုက်လေသည်။သူ့အသံတွေကတုန်ရီစွာဖြစ်နေသည်မှာ အလွန်အမင်းစိတ်ပူနေသည့်ပုံပင်။
"ဘာဖြစ်လို့လဲ...ငါ့ကိုအမြန်ခေါ်သွားပေး.."
သူကစိတ်ပူလွန်းနေတာကြောင့်အသံကျယ်သွားလေတော့ ကျန်တဲ့သူတွေကပါ အထိတ်ထိတ်အလန့်လန့်ဖြစ်လာကြလေသည်။
"ကိုကြီးက..."
"ကဲပါ..အရင်လိုက်ပြစမ်းပါ...ပြောမနေနဲ့တော့.."
ဖိုးလုံးက သူ့ဆရာသခင်မှာလိုက်သည့်အတိုင်းအပြေးလာခဲ့ပေမယ့် ဦးလေးတုတ်ကြီးကစကားကိုအဟမခံပေ။ဆရာကလဲ ချော်လဲလို့လက်မမြှောက်နိုင်တာကိုမြေကြီးပေါ်ကပင်မထပဲ ပေကပ်ကာသူ့အားအပြေးလာပြောခိုင်းသည်။ယခုလဲသူ့မှာ မနားရသေး ထပ်ကာ ပြေးခိုင်းနေကြပြန်လေသည်။
ဖိုးလုံး တကယ် ရှင်ချင်တယ်။ဆရာကတကယ်တော့အကောင်းကြီးပဲဟာကို။သူ့ခေါင်းကိုတောင်ရိုက်နိုင်နေသေးတာပဲ။ဉာဏ်များတဲ့သူ့ဆရာက ဘာတွေတွေးနေတာလဲ။
ဖိုးလုံးတကယ် ရှင်ချင်ပါတယ်။ဦးလေးတုတ်ကြီးက ခလုပ်တိုက်ပြီးခြေထောက်ကွဲသွားသည်ကိုသူမြင်လိုက်သည်။သွေးတွေထွက်လာတာကိုသူကပြောချင်ပေမယ့် ဦးလေးတုတ်ကြီးက အရှေ့က ခပ်သုတ်သုတ်ထွက်သွားရင်း သူ့အားအနောက်လှည့်ကာ အမြန်လာရန်ခေါ်နေလေသည်။
သူလဲအမြန်ပြေးသွားလိုက်တော့သည်။
"မြန်မြန် ကျွန်တော့်နောက်လိုက်ခဲ့ ..ဒီဘက်ကို.."
ဖိုးလုံးစကားကြောင့် ကျန်သူများကပါ တုတ်ကြီးတို့အနောက်သို့ လိုက်လာခဲ့ကြလေသည်။
တုတ်ကြီးကသူ့ဇနီးလေးကိုအတော်လေးစိတ်ပူနေသည်။ယာထဲက ထွက်လာစဉ်တုန်းက သူ့ခြေထောက်ပူခနဲဖြစ်သွားသည်ကိုသိလိုက်ပေမယ့် လေးလေးနက်နက်တွေးမနေဘဲ ခပ်မြန်မြန်သာပြေးလာမိသည်။တကယ့်ကိုသူ့ရင်တွေပူလောင်လှသည်။ဇနီးလေးကအဆော့သန်တာကြောင့် တခါကလိုချောင်းထဲပြုတ်ကျသွားပြီ ခိုက်မိတာများဖြစ်နေမလား။လူးလူးကို လိုက်ရှာရင်း အပင်တွေဘာတွေပေါ်များတတ်ပြီးပြုတ်ကျလေသလား ဆိုပြီးသူ့မှာ တွေးရင်း တွေးရင်း ရတတ်မအေးဖြစ်နေသည်။