[Zawgyi]
၆နှစ်လွန်မြောက်ပြီးနောက်တစ်လကို ခပ်စွန်းစွန်းကျော်လာသည့်နေ့တစ်နေ့။ကောင်းကင်တစ်ခွင်တစ်ပြင်လုံး တိမ်ကင်းစင်နေပြီး ပြာလဲ့နေပေသည်။လေရူးတို့က တဝှေ့ဝှေ့တိုက်ခတ်နေပြီး ကျေးငှက်ကလေးများ၏တေးသီသံတို့က ပတ်ဝန်းကျင်တစ်ခွင် သောသောညံနေတော့သည်။
ခြုံငုံ၍ကြည့်မည်ဆိုလျှင် သာယာသောနေ့တစ်နေ့ပေါ့။
ဂွေးချောင်းရွာ၏ရွာလည်လမ်းမကြီးကိုဖြတ်ကျော်လာထွက်လာပြီးလျှင်တော့ စိမ်းစိုစို လယ်ကွင်းများ ဖြင့် တမျှော်တစ်ခေါ်ဖြစ်နေသည့် ရွာပြင်ကိုရောက်ရှိပေလိမ့်မည်။ထိုမှတဆင့်ဖြတ်ကျော်လာလျှင် အနည်းငယ်မို့မောက်သောတောင်ကုန်းထက်ရှိ အစိမ်းရောင်လွင်ပြင်ကျယ်ကြီးတွင် ထီးထီးတည်း တည်ဆောက်ထားသည့် အစိမ်းရောင်အိမ်ကြီးကို ခန့်ညားထည်ဝါစွာမြင်တွေ့ကြရပေမည်။
အိမ်ကြီး၏အရှေ့ဘက်ခပ်လှမ်းလှမ်းတွင် သဘာဝအလျှောက်ပေါက်ရောက်နေသည့် ဝက်သစ်ချပင်ကြီးများက ခြံစည်းရိုးတံခါးဝတွင်တစ်ဖက်တစ်ချက်ခြံရံထားသည်။
ထော်လာဂျီစက်သံသည် ရွာထိပ်လမ်းကလေးဆီမှ တဖြည်းဖြည်း နှင့် အိမ်ကြီးဆီသို့ တိုးကပ်လာပေသည်။တစ်ချိန်လုံးတိတ်ဆိတ်နေသည့် အိမ်ကြီးဆီမှ လူသူအရိပ်အယောင်ကလေးပင်မတွေ့မမြင်ရ။
တုတ်ကြီးက သူ့တွင် ပါလာသည့်သော့ဖြင့် ခြံတံခါးအားကိုယ်တိုင်သာ ဖွင့်ဝင်လိုက်တော့သည်။
"ဘယ်ရောက်နေတာပါလိမ့်..."
ထော်လာဂျီစက်သံရပ်သွားသည်အထိ သူ့ဇနီးလေးကထွက်မလာတာကြောင့်တုတ်ကြီးပင်ကြောင်တောင်တောင်ဖြစ်သွားရသည်။သူတစ်လကျော်လောက်အလုပ်ကိစ္စတွေနဲ့မြို့ပေါ်ကိုတတ်သွားခဲ့တာ မဟုတ်လား။ပုံမှန်၅ရက်လောက်သွားလျှင်တောင် သူ့ထော်လာဂျီသံကြားတာနဲ့ အိမ်ထဲကပြေးထွက်လာပြီး သူ့ပေါ်ကုတ်တတ်ကာတအီအီချွဲတတ်သည့် သူ့ဇနီးလေးက အခု သူလာတာတောင်မသိရအောင်ဘာများလုပ်နေလို့များလဲ။
သူက ဝယ်ခြမ်းလာခဲ့သည့် အသားများနှင့် ခေါက်ဆွဲခြောက်ထုတ်တွေအား ယူချပြီးသည်အထိ ထွက်မလာတာကြောင့် သူ့ဘာသာပဲအိမ်ထဲသယ်ထည့်လိုက်တော့သည်။