[Zawgyi]
"ကျွန်တော်တို့ သောက်စရာ နည်းနည်းယူလာတယ်..အဆင်ပြေပါ့မလား အကိုတုတ်ကြီး..ဟဲ ..ဟဲ...မသောက်ရတာလဲကြာနေတော့လေ.."လူငယ်လေးသုံးယောက်က ဖွက်ယူလာပုံရသည့်ပုလင်းနှစ်လုံးကို ကိုင်မြှောက်ပြရင်းပြောလိုက်လေသည်။သူတို့က သူများအိမ်ထဲ လက်လွတ်စပယ်မဝင်ချင်တာကြောင့် ခြံဝကပင်တုတ်ကြီးအားလှမ်းခေါ်ကာစကားပြောနေကြခြင်းဖြစ်သည်။
"ရပါတယ်ကွာ...လူငယ်တွေပဲ ငါနားလည်ပါတယ်...ဒါနဲ့မင်းတို့အိမ်တွေကိုရော ပြောခဲ့ရဲ့လား.."
"ပြောခဲ့ပါတယ်ဗျ...အားလုံးအေးဆေးပါပဲ.."
"ဒါပေမယ့် ဒီတစ်ညတော့ ဒီမှာအိပ်ခွင့်ပေးလို့ကောရမလား...ဟဲ.ဟဲ."
ကာလသားလူပျိုပေါက်တွေက အသက်ပြည့်ပြီးကတည်းက အကဲစမ်းတတ်ကြပေမယ့် အိမ်ရှိလူကြီးများက မကြိုက်တတ်ကြပေ။သူတို့က ယခုလိုအခွင့်ကြုံခိုက် ဂွင်ဖန်လိုက်ခြင်းဖြစ်သည်။
တုတ်ကြီးက ခေါင်းညိမ့်ပြလိုက်သည်နှင့်တစ်ပြိုင်နက် ကာလသားလူပျိုပေါက်သုံးယောက်က ဝေးခနဲထအော်လေတော့သည်။
ဒီမင်းနောင်နောင်က တုတ်ကြီးထွက်သွားတာကြာတာကြောင့်နောက်ကလိုက်လာသည်။
"ရောက်နေကြပြီကိုးး...အထဲဝင်ကြလေ..ခြံဝကြီးမှာ ဘာတွေပြောနေကြတာလဲ.."
သူက တုတ်ကြီး၏လက်ကိုဆွဲလိုက်ရင်းကောင်လေးတွေအားနှုတ်ဆတ်စကားပြောလိုက်သည်။တကယ့်ကိုပဲ အမြဲတည်တင်းနေတတ်သည့် အိမ်ကလူက ဒီကောင်လေးတွေနဲ့ ဘာတွေကိုများရယ်မောပြီးပြောဆိုနေကြတာပါလိမ့်။
..........................
ပြင်ဆင်ထားသည့်ထမင်းဝိုင်းကိုမြင်ရတော့အားလုံးမျက်လုံးအဝိုင်းသား။
အချဉ်တည်ထားသည့်သံပုရာချဉ်ကိုလဲ ကြက်သွန်နီပါးပါးလှီး၍သုတ်ထားသေးသည်။ဝက်သားဟင်းကတစ်ခွက်..၊ကြာစွယ်ကြော်၊ ကြာစွယ်ချဉ်စပ်သုတ်၊ ဝက်ခြေထောက်စွပ်ပြုတ်၊ အသားလုံးကြော် အပါအဝင် အချဉ်ရည်ကတစ်ခွက်၊ ထို့နောက်တွင်တော့ လှီးထားသည့်ကြက်သွန်နီ၊နံနံပင်နှင့်ငရုပ်သီးစိမ်းတို့ကိုလဲ ဗန်းလေးဖြင့်သပ်သပ်တင်ထားပေးသေးသည်။