Unicode
မှန်တံခါးတွေမှတစ်ဆင့်အခန်းထဲထိ ဝင်ရောက်လာခဲ့ပြီဖြစ်သောအလင်းရောင်တွေကြောင့် မိုးညရောင် အိပ်မောကျနေရာမှနိုးထလာ၏။ နာရီကိုကြည့်မိတော့ မနက်၆နာရီတိတိ။ ဘေးမှာရှိနေသည့် မောင်ကတော့ အိပ်ပျော်နေဆဲ။ ပက်လက်အနေအထားဖြင့်အိပ်နေသည့် မောင့်မျက်နှာလေးက ဘေးတစ်စောင်းကြည့်နေတာတောင် သိပ်ကိုခန့်ညားနေသည်။ လစ်ဟာနေသည့် ရင်အုပ်သားခပ်တောင့်တောင့်တွေကတော့ ဝတ်ထားသည့်T Shirtအနက်ရောင်အောက်၌ထင်းထွက်နေ၏။
သူကတော့ မနေ့ညကတည်း မောင့်လက်မောင်းကိုခေါင်းအုံးရင်းအိပ်နေပျော်နေခဲ့သည်မှာတရေးမှပင်မနိုးခဲ့။ လွန်ခဲ့တဲ့အချိန်တွေကတည်းက ယခုလိုမျိုးကောင်းကောင်းအိပ်ပျော်ခဲ့တဲ့ရက်တွေဆိုတာ သူ့အတွက်သိပ်ကိုရှားခဲ့သည်မဟုတ်လား။ မောင့်ရင်ခွင်လောက် အေးချမ်းမှုမရှိခဲ့တဲ့ရက်တွေကိုဖြတ်ကျော်ခဲ့ရသည့်အချိန်တွေသည်က သိပ်ကိုနှမြောစရာကောင်းခဲ့သည်။
အတွေးတွေနှင့်အတူ မောင့်ခါးကိုသိုင်းဖက်ထားခဲ့သည့်လက်တွေအား ပိုမိုတင်းကျပ်မိလိုက်သည်။
မနေ့က ကလေးတွေကိုချက်ပြုတ်ကျွေးပြီးသည်နှင့် ကလေးတွေရဲ့ဝေယျာဝစ္စလုပ်ပေးရင်း အချိန်ကုန်ခဲ့တာကြောင့် ဒီကလေးကြီးကိုတော့အချိန်မပေးနိုင်ခဲ့ပေ။ ဒါတောင် ကလေးတွေအခန်းထဲမှာအိပ်ပျော်နေခဲ့လို့ ဒီကလေးကြီးက ကိုယ့်ကိုအတင်းလာပွေ့ချီပြီးအခန်းထဲခေါ်ခဲ့တာဖြစ်သည်။ အခန်းထဲရောက်တော့လည်း ဘာကိုမှထပ်မတောင်းဆိုပဲ သူ့ရင်ခွင်ထဲထည့်ပြီးသာအိပ်စေခဲ့သည်။ဒီအဆိုးကောင်လေး သူ့အပေါ်ကိုထိတွေ့ချင်တဲ့စိတ်တွေ ဘယ်လောက်ထိတောင်ထိန်းချုပ်ထားလဲဆိုတာသူသိသည်။ မနေ့ညက ကိုယ့်ဘက်ကနေစပြီးဆန္ဒတွေကိုလိုက်လျောပေးတာတောင် ကိုယ်တော်က 'ဘေဘီ ပင်ပန်းနေပြီ အိပ်တော့'ဆိုကာ သူဆန္ဒတွေချိုးနှိမ်သွားခဲ့ပြန်၏။
ကိုယ့်အတွက်နဲ့ သူ့ရဲ့တဇွတ်ထိုးဆန်တဲ့စိတ်တွေအပါအဝင် အပြုအမူတွေအားလုံးကို ပြောင်းလဲပေးဖို့တဖြည်းဖြည်းကြိုးစားပေးနေတာကို နားလည်ပေမဲ့ သူ့စိတ်ထဲတွင်တော့ဒါကိုသိပ်သဘောမတွေ့ပါပေ။ သူ့ကိုစပြီးချစ်ခဲ့တဲ့အချိန်တွေကတည်းကစပြီး ယနေ့ချိန်ထိ သူ့ရဲ့ကောင်းခြင်းဆိုးခြင်းတွေအားလုံးကိုငြိုငြင်မှုတစ်စွန်းတစ်ဆပင်မရှိခဲ့ဘဲ တန်ဖိုးထားချစ်လာခဲ့တဲ့အတွက်ကြောင့် သူ့အတွက်ဆိုပြီး အရာရာတိုင်းကိုပြောင်းလဲပေးဖို့က မလိုအပ်ဘူးဟုထင်မိပါသည်။
BINABASA MO ANG
Boundaries Of Love [ Completed ]
General FictionMyanmar BL Asshole!! M-Preg,Romance,Drama and age limited. Start date>>>Jan20