The Magnolia Story
ပါးပြင်ကိုပူခနဲဖြစ်သွားတဲ့ခံစားချက်ကြောင့်ဂျောင်ကုခေတ္တကြောင်အသွားမိသည်။ ဘေးနားကိုကျလာသည့်ဓားကိုကြည့်လိုက်တော့အရှင့်ရဲ့ဓားဖြစ်တာကြောင့်အံ့ဩမှုတို့ကပိုကြီးစိုးသွားသည်။ပါးကိုလျှပ်ထိသည့်ဒဏ်ရာမှာမပြင်းလှသော်လည်းအစ်ကိုတော်ကဲ့သို့လေးစားရိုသေရသူကဓားဖြင့်ပစ်လိုက်သည်ဆိုတဲ့အသိကဂျောင်ကုကိုပိုမိုနာကျင်စေသည်။
အံ့ဩတုန်လှုပ်မှုတို့ကြောင့်လက်ထဲကဓားကိုလွှတ်ချလိုက်တော့မင်းသားဆွန်းဟိုရဲ့နောက်လိုက်တွေကလျှင်မြန်စွာကြိုးအထပ်ထပ်ဖြင့်စည်းနှောင်ကြသည်။ တစ်သက်တာလုံးမထင်မှတ်ထားခဲ့သည်များကအိပ်မက်လိုပင်တစ်ခဏတွင်းဖြစ်ပျက်သွားတာကြောင့်လက်ရှိအခြေအနေကြီးကိုမယုံကြည်နိုင်သေးပေ။ လှုပ်လို့မရအောင်တရစ်ပြီးတစ်ရစ်တုပ်နှောင်ခံရသည့်ကြားမှအရှင့်မျက်နှာကိုမျှော်လင့်တကြီးမော့ကြည့်နေမိသည်။
အရှင် ကျွန်တော့်ကိုယုံတယ်မလား။ အရှင့်ညီတော်လျှောက်တင်တာတွေတစ်ခုမှမဟုတ်ဘူးဆိုတာ။မင်းသားဆွန်းဟိုစွပ်စွဲသလိုကျွန်တော်အရှင့်အပေါ်ရောတိုင်းပြည်အပေါ်မှာရောတစ်ခါလေးမှသစ္စာမဖောက်ခဲ့ဖူးတာ...။ အရှင့်နှုတ်မှထွက်လာမည့်စကားတွေကိုအားကိုးတကြီးနားထောင်နေစဉ်မှာပင်
" "အပြစ်သားစစ်သူကြီးဂျွန်ရဲ့လုပ်ရပ်ဟာ တိုင်းပြည်ရဲ့သိက္ခာကိုကျဆင်းစေကာခွင့်လွှတ်ဖွယ်ရာမရှိတာကြောင့် စစ်သူကြီးအရိုက်အရာကိုရုတ်သိမ်းပြီး အဆောင်အယောင်ကင်းမဲ့စွာဖြင့် ဒေါ့ဆူပြည်မှနေ့မကူးဘဲ ထွက်ခွာစေ"
နောက်ဆုံးမျှော်လင့်ချက်ကြိုးမျှင်လေးပြတ်တောက်သွားချေပြီ။ အရှင်ကိုယ်တော်တိုင်ချမှတ်လိုက်တဲ့အမိန့်ကပြည်နှင်ဒဏ်တဲ့လား။ ဂျောင်ကုမခံမရပ်နိုင်အောင်နာသည့်စကားမှာ အပြစ်သားတဲ့လား။ အပြစ်သားစစ်သူကြီးဂျွန်...တိုင်းပြည်ရဲ့သိက္ခာကိုကျဆင်းစေသတဲ့လား။ နောက်ဆုံးချိန်ထိ မင်းသားဆွန်းဟိုလျှောက်တင်တာဟုတ်မှန်သလား တစ်ခွန်းမမေးဘဲ တစ်ဖက်သတ်အမိန့်ချမှတ်သွားတဲ့အရှင်နမ်ဂျွန်းကိုစူးရဲစွာနာနာကြည်းကြည်းကြည့်နေမိသည်။