နှင်းတွေ တဖွဲဖွဲကျနေတယ် ။ ခရစ္စမတ်မရောက်ခင် ညနေပိုင်းအချိန်ပဲ ။ ဂျန်းနီစိတ်တွေ လွတ်လပ်ပြီး ပျော်ရွှင်နေတယ် ။ အပြင်မှာ အေးနေပေမဲ့ အဲ့ဒီ အအေးဓာတ်က သူ့ရဲ့ ခုန်ပေါက်ချင်တဲ့ စိတ်ကို မတားဆီးနိုင်ဘူး ။ စာတိုက်က အပြန်မှာ သူ တအားကို ပျော်နေတာ ။ မနက်ဖြန် ခရစ္စမတ်မလို့ သူ အလုပ်နားရပြီလေ ။ စာတိုက်မှာ လုပ်တာဆိုတော့ သူများတွေလို ခရစ္စမတ်ပိတ်ရက် များများမရတဲ့ ဂျန်းနီအတွက်တော့ ဒီတစ်ရက်ပိတ်မှာလေးကပဲ ပျော်စရာပေါ့ ။
ဂျန်းနီက သူ ဝတ်ထားတဲ့ ကုတ်အင်္ကျီဘေးအိတ်ကပ်တွေထဲကို လက်အိတ်ဝတ်ထားတဲ့ လက်တွေထိုးတည့်ပြီး အိမ်ကို ပျော်ရွှင်စွာ ပြန်နေတယ် ။ လမ်းပေါ်မှာ မြူးကြွနေတာများ ပါပီလေးတစ်ကောင်လိုပဲ ။ လမ်းသွားလမ်းလာတွေ သူ့ကို ကြည့်နေတာလည်း သူ ဂရုမစိုက်ပါဘူး ။ သူ့မျက်နှာပေါ်မှာ ကမ္ဘာတစ်ခုလုံးရဲ့ အဖိုးတန်ဆုံး ရတနာလိုမျိုး တောက်ပနေတဲ့ အပြုံးတွေ အများကြီး ။
ဂျန်းနီက အဲ့လိုမျိုး ပျော်ရွှင်စွာနဲ့ အိမ်ပြန်နေတုန်း သူ့အိမ်ရဲ့ လမ်းဘက်ကို ချိုးကွေ့လိုက်တယ် ။ ရပ်ကွက်ငယ်လေးဆိုတော့ အခုဏတုန်းကလို လမ်းသွားလမ်းလာဆိုတာ မရှိတော့ဘူး ။ တိတ်ဆိတ်နေတယ် ။ ဂျန်းနီတစ်ယောက် ခရစ္စမတ်သစ်ပင်ပြင်ဖို့ စိတ်တွေလောရင်း သီချင်းတစ်ပုဒ် ညီးလာတယ် ။ သူ ပျော်ရွှင်စွာ ခုန်ပေါက်နေရင်းက ရုတ်တရက်ပဲ ၊ အဲ့ဒါက သူတို့အိမ်လမ်းအကွေ့ရဲ့ မှောင်တဲ့ အုတ်နံရံဘက်ပိုင်းမှာ ။ အမှောင်ရိပ်ကွယ်နေတာကြောင့် မသဲကွဲတဲ့ အရာတစ်ခုက လှုပ်စိလှုပ်စိနဲ့ ။ ဂျန်းနီကင်မ်ရဲ့ သီချင်းလေးဟာ တဖြည်းဖြည်းချင်း အသံတိုးသွားတယ် ။ သူ ဘေးဘီဝဲယာ ကြည့်လိုက်တော့ ဘယ်သူမှ သိပ်မရှိနေဘူး ။ ဒီလိုအချိန်ဆိုတာ ပြန်ပေးဆွဲသမားတွေအတွက် အကောင်းဆုံး အချိန်ပဲ မဟုတ်လား ။
ဂျန်းနီတစ်ယောက် လွယ်လာတဲ့ အိတ်ကလေးရဲ့ ကြိုးကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်တယ် ။ ပြီးတော့ ခန္ဓာကိုယ်ကို အကာအကွယ်ဖြစ်စေတဲ့ အနေအထားပြင်လိုက်ပြီး အဲ့ဒီ တလှုပ်လှုပ်ဖြစ်နေတဲ့ အရာအနားကို ဖြည်းဖြည်းချင်း တိုးသွားလိုက်တယ် ။ ဖြစ်ချင်တော့ အလင်းရောင်ကွယ်နေတာကြောင့် သူ အရှေ့နားကို တိုးကြည့်တာတောင် အဲ့ဒီ အရာက မသဲကွဲသေးဘူး ။ ဒီလိုဆိုရင်တော့ မဖြစ်သေးဘူးလေ ။
YOU ARE READING
I wish you a Merry Christmas
Fanficဆောင်းရာသီရဲ့ ပုံပြင်လေးတစ်ပုဒ်ကို ဖတ်ကြည့်ချင်လား ။ ။