ကတ်ဆတ်မှ လာနေသော ခရစ္စမတ် တေးသီးချင်းသံသည် မီးလင်းဖို၏ အလင်းရောင်ဖြင့် မှိန်ပျပျ လင်းလျက်ရှိသော အခန်လေးထဲ၌ ပြေးလွှားဆော့ကစားနေသည် ။ ထိုအခန်းထဲတွင်ရှိသော ခရစ္စမတ်သစ်ပင်ကလေး၏ အရွက်များထက်၌ ခရစ္စမတ်ကို ကိုယ်စားပြုသော အရာဆို၍ တစ်ခုမှ မရှိ ။ အကုန် ပြောင်သလင်းခါကာ သစ်ပင်ချည်းပဲ ရှိနေသည် ။
ဂျန်းနီသည် ဝိုင်အရက်တစ်ပုလင်းနှင့် ဝိုင်ထည့်သောက်ရန်ခွက်များကို လင်ဗန်းလေးတစ်ချပ်ပေါ်တွင် တင်ကာ အပေါ်ထပ်သို့ တက်လာခဲ့သည် ။ သူ အပေါ်ထပ်သို့ ရောက်သည်နှင့် ကတ်ဆတ်မှလာနေသော သီချင်းသံကလေးမှာ တိုး၍တိုး၍ သွားသည် ။ ထိုသို့ တိုး၍တိုး၍သွားလေ ၊ အခန်းတစ်ခန်းအတွင်းရှိ မိန်းမနှစ်ယောက်၏ စကားပြောသံကို ပိုလို့ ပြတ်ပြတ်သားသား ကြားရလေပင် ဖြစ်သည် ။
"အိုး မယ်ရီခရစ္စမတ်ပါ ဂျန်းနီ"
"မယ်ရီခရစ္စမတ် လီဆာ"
ဂျန်းနီသယ်လာသော လင်ဗန်းကလေးကို လီဆာက တစ်ဆင့် လွှဲပြောင်းယူ၍ ကုတင်ဘေးရှိ စားပွဲကလေးပေါ်တွင် တင်လိုက်သည် ။
"သက်သာနေပါပြီဆိုတာကို ဦးလေးနဲ့ အိမ်မှာ နေမပေးဘဲ ဒီကို လာနေသေးတယ်"
"ညနေကျ ပြန်မှာပါ ဂျန်းနီကလည်း ။ လီဆာ့ကို အတင်းနှင်ထုတ်နေတယ်"
လီဆာသည် ဂျန်းနီယူလာသော ဝိုင်ကို ခွက်ကလေးတွင် အနည်းငယ်ငှဲ့ကာ တစ်ငုံငုံလိုက်သည် ။ ထို့နောက် သွားသုံးဆယ့်နှစ်ချောင်းပေါ်အောင် ပြုံးဖြီးရင်း ကုတင်ပေါ်တွင် သူ့ကို အသနားခံသည့် မျက်လုံးများနှင့် ကြည့်နေသော ချန်းကို မျက်စိမှိတ်ပြလိုက်သည် ။
"ချန်း ၊ ဆရာဝန် ပြောတာ မှတ်မိလား"
"အင်း မှတ်မိတယ်"
"ပြောကြည့်ပါဦး"
"ဆေးလိပ် ၊ အယ်လ်ကိုဟော လုံးဝ မထိရဘူး ။ အလုပ်မလုပ်ရဘူး ၊ စာကြာကြာ မဖတ်ရဘူး"
"တော်တယ်"
"ဂျန်းနီကလည်း ချန်းကို ကလေးလို ဆက်ဆံနေတယ် ။ ဒီလောက် နည်းနည်းလေးသောက်တာကတော့ ဘာမှ မဖြစ်ပါဘူး"
YOU ARE READING
I wish you a Merry Christmas
Fanfictionဆောင်းရာသီရဲ့ ပုံပြင်လေးတစ်ပုဒ်ကို ဖတ်ကြည့်ချင်လား ။ ။