Our destiny (Part 15)

49 3 0
                                    

Unicode

" ဒီနှစ်ဆောင်းကပိုအေးသလိုပဲနော် နွေ "

တက္ကသိုလ်ကျောင်းတွေပြန်ဖွင့်တဲ့ရာသီ ဒီဇင်ဘာလက အရင်နှစ်ကထက်ပိုအေးနေသလိုပဲ။ ကန်တင်းမှာ နွေနဲ့ထိုင်ရင်းလမင်းလက်နှစ်ဖက်ကို အာငွေ့ပေးကာပြောလိုက်တော့ နွေကသူ့လက်နှစ်ဖက်ကိုပွတ်ကာ ပူအောင်လုပ်ပြီး လမင်းရဲ့လက်ကိုနွေးအောင်လုပ်ပေးတယ်။ လမင်းပြုံးမိတယ်။ မနက်ကိုးနာရီကျော်နေတာတောင် မြူတွေဆိုင်းနေလို့ နေရောင်ကမထိုးဖောက်နိုင်သေး။ အနွေးထည်ကိုယ်စီနဲ့ ကျောင်းသားကျောင်းသူတွေ သွားလာနေကြတုန်း။

ကျောင်းတွေပြန်ဖွင့်တာ တစ်လနီးပါးရှိပြီ။ဒီဇင်ဘာလကုန်ခံနီးမို့ အ‌အေးပိုနေတာလည်းဖြစ်နိုင်တယ်။ လမင်းကဒီနေ့ပထမဦးဆုံးအတန်းချိန်မရှိ။ နွေကတော့ လမင်းနဲ့အတူတူနေချင်လို့ဆိုပြီး အတန်းသွားမတတ်။ စားပွဲပေါ်မှာ အငွေ့အနည်းငယ်ကျန်နေသေးတဲ့ ကော်ဖီနှစ်ခွက်။
နွေ့ကိုကြည့်လိုက်တော့ လမင်းလက်လေးနွေးနေအောင် ဂရုတစိုက်လုပ်ပေးနေတယ်။ ရှည်လာတဲ့ဆံပင်တွေကို ပြန်ညှပ်ထားတဲ့နွေကပုခုံးပေါ်ဝဲနေတဲ့ဆံပင်လေးကို တစ်ဝက်စုစည်းထားတယ်။

" နွေက အဲ့လောက်တောင်ကြည့်ကောင်းလား "

လမင်းလက်ကို နွေးအောင်လုပ်ပေးနေတဲ့ နွေကဖြတ်ခနဲမော့ကြည့်ပြီး မေးလာတယ်။ လမင်းကိုအနွေးထည်ဝတ်မလာရင်ဆူတဲ့နွေက သူကိုယ်တိုင်ကျအနွေးထည်ဝတ်လေ့မရှိ။ အေးတာသိပေမယ့် သူကအေးတာကိုကြိုက်တယ်ဆိုပြီးပြန်ပြောလေ့ရှိတယ်။

" ဘာလိုလိုနဲ့ တတိယနှစ် ရောက်လာပြီ။ နောက်ထပ်တစ်နှစ်ပြီးရင် ဘွဲ့ရတော့မယ်။ နွေကတော့ နှစ်နှစ်ကျန်သေးတယ်။ နွေနဲ့ ဘွဲ့အတူတူယူချင်လိုက်တာ "

လမင်းလက်ကိုကိုင်ထားတဲ့ သူ့လက်ကိုခပ်ဖွဖွနမ်းရင်းပြောလိုက်တော့ သူကမျက်လုံးတွေမှိတ်သွားတဲ့အထိပြုံးတယ်။

" နွေလည်းယူချင်ပါတယ်။ ဒါပေမယ်လည်းနှစ်မတူပေမယ်လည်း တစ်ယောက်ယူတဲ့နှစ် နောက်တစ်ယောက်ကလိုက်လို့ရတာပဲကို "

" အင်းနော် အဲ့လိုပဲလုပ်ရမှာပေါ့ "

လမင်းကော်ဖီတစ်ငုံသောက်လိုက်တယ်။ မြူတွေအနည်းငယ်ရှင်းသွားပြီး နေရောင်အနည်းငယ်ကျလာတယ်။ နာရီကိုကြည့်လိုက်တော့ကိုးနာရီခွဲ။ ဆယ်နာရီခွဲကျရင် နှစ်ယောက်လုံးအတန်းတတ်ရတော့မယ်။

Our destiny Onde histórias criam vida. Descubra agora