格格不入(GeGeBuRu)
စာရေးသူ : ၀ူးကျယ်
ဘာသာပြန်သူ : ယင်း
အပိုင်း ၁
ချိန်ပေါ်ယန်မှာ နံရံပေါ်ရှိ နာရီကို လှမ်းကြည့်လိုက်မိသည်။ငါးနာရီခွဲပြီပင်။
အပြင်ဘက်တွင် မှောင်နေလေပြီ။အရွက်များ ကင်းမဲ့နေသည့် သစ်ကိုင်းများမှာ ၊ မြောက်လေ၏ တိုက်ခတ်မှုကြောင့် ကောင်းကင်ပေါ် ပျံတက်တော့မလိုမျိုး လှုပ်ယိမ်းနေလျက် ရှိသည်။
မနက်ဖြန် နှင်းကျမည်ဟု မိုးလေ၀သက ပြောထားသည်။ဒီပုံစံကို ကြည့်ရလျှင်တော့ ၊ ဒီနေ့ညနေပဲ နှင်းကျတော့မည့်ပုံပင်။
ဘေးခန်းက ဆရာ၀န်ရုံးခန်းထဲရှိ ဒေါက်တာလျုံမှာ ၊ နားလေးသည့် လူနာနှင့် စကားကို အော်ပြောနေသည်မှာ အတော်လေး ကြာနေလေပြီ။နားထောင်နေရသလောက်တော့ ခဏလောက်သာ ထပ်အော်ပြောနေပါက ၊ လည်ကြောင်းပင် ကွဲသွားတော့မလိုပင်။
ချိန်ပေါ်ယန်မှာ လည်ချောင်းဆေး တစ်ပြား အမြန်ယူ၍ ပါးစပ်ထဲ ထည့်လိုက်ပြီး ၊ နောက်ထပ် လူနာတစ်ယောက်ကို ခေါ်လိုက်သည်။
အန်တီကြီးတစ်ယောက်မှာ လူတစ်ယောက်ကို အားပြု၍ ၀င်လာပြီး ထိုင်လိုက်သည်။ခြေထောက်တစ်ဖက်က မြေပေါ် မချနိုင်ပေ။အိုင်းရိုး အိုင်းရိုးနှင့် ညည်းနေပြီး ၊ မျက်နှာအမူအရာကလည်း တော်တော်လေး နာကျင်နေပုံပင်။
သူမက ထိုင်လိုက်ပြီး နောက်တွင် ချိန်ပေါ်ယန်ကို ခဏလောက်ကြာအောင် စိုက်ကြည့်နေပြီး ၊ ချိန်ပေါ်ယန် သူမကို မမေးရသေးမီမှာပင် အရင်ဦးအောင် ပြောလာသည်။ :
"ဟ်ိုဘက်ခန်းက အသက်နည်းနည်းကြီးတဲ့ ဒေါက်တာ အားလား?သူ့ကို ကြည့်ခိုင်းလို့ ရမလား?"
"သူ့ဘက်မှာလည်း လူနာရှိနေတယ်လေ ၊ အန်တီ ဒေါက်တာရွေးချင်တယ်ဆိုရင် ကြိုချိန်းတဲ့ အချိန်ကတည်းက ရွေးထားရမှာ"
ချိန်ပေါ်ယန်က ရယ်လိုက်ပြီး
"အန်တီ ခြေထောက်ဒဏ်ရာရလာတာလား?"
"မချိန်းထားလိုက်ရဘူးလေ ၊ အန်တီခြေထောက် ကျိုးသွားမယ်ဆိုတာကို အန်တီလည်း ရက်နည်းနည်းစောပြီး ကြိုသိနိုင်တာမှ မဟုတ်တာ"