格格不入(GeGeBuRu)
စာရေးသူ : ၀ူးကျယ်
ဘာသာပြန်သူ : ယင်း
အပိုင်း ၆
မိမိမှာ ဒီနေ့တော့ ကံဆိုးတော့မည်ဟု ရှန့်ရှီး တွေးလိုက်မိသည်။
အနောက်ဘက်က လူက ပြေးလိုက်လာနေပြီ ဖြစ်ပြီး ၊ လက်ထဲတွင်လည်း တုတ်တစ်ချောင်း ကိုင်ထားသည်ကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ချိန်ပေါ်ယန်က အေးအေးဆေးဆေးဖြင့် ယာဥ်မောင်းသူ နေရာတွင် ထိုင်နေပြီး သူ့ကို ကြည့်နေသည်။
"ခင်ဗျား လူကို မမြင်ဘူးလား ! "
ရှန့်ရှီးမှာ အလောတကြီး ဖြစ်လာမိသည်။ပုံစံကို ကြည့်ရသလောက် ချိန်ပေါ်ယန်က ကားကို မောင်းမည့်ပုံလည်း မရှိသလို ၊ သူ့ကို ကူညီမည့်ပုံလည်း မရှိချေ။သူ သူ့ဘာသာ နည်းလမ်းစဥ်းစားရမည်ပင်။
ချိန်ပေါ်ယန်၏ သဘောထားက သူ့ကို နည်းနည်းတော့ မျှော်လင့်ချက် မဲ့သွားစေသည်။သို့သော်လည်း သူ့ကို မထိုးနှက်နိုင်ပေ။ဤသည်မှာ ပုံမှန် တုံ့ပြန်မှုပင်။ဘယ်သူပဲ ဖြစ်ဖြစ် ဒီလိုပုံစံ ဖြစ်နေကြမှာပင်။မထူးဆန်းချေ။
ရှန့်ရှီးမှာ ကားပေါ်မှဆင်းရန် ဆုံးဖြတ်ချက် ချလိုက်သည်။ချိန်ပေါ်ယန်က သူ့က်ို ကူညီဖို့ အစီအစဥ် ရှိမနေမှတော့ ၊ သူ ချက်ချင်း ကားပေါ်မှ ဆင်းရမည်ပင်။ထိုသို့မဟုတ်ပါက ဟိုလူက ပြေးလိုက်လာပြီး ၊ ကားကို ထိခိုက်အောင် ထပ်လုပ်လိုက်လျှင် သူ ပြန်မလျော်နိုင်ပေ။
ကားပေါ်မှ မဆင်းခင် ၊ သူ ကားနောက်ခန်းကို တစ်ချက် လှမ်းကြည့်လိုက်သည်။ကားနောက်ခန်းတွင် ချထားသည့် တုတ်အချို့မှာ သူ့မျက်လုံးကို ၀င်းလက်လာစေသည်။ရုတ်တရက် ဆိုသလို မျှော်လင့်ချက် နည်းနည်း ရှိလာခဲ့သည်။အနည်းဆုံးတော့ လက်နက်တစ်ခု ရှာတွေ့ပြိီပင် !
"ဒီဟာကို ကျွန်တော် သုံးဦးမယ် ! "
သူ ထိုင်ခုံနောက်မှီပေါ် ပစ်၀င်လိုက်ပြီး ၊ လက်ကိုဆန့်တန်း၍ တုတ်ချောင်းတစ်ချောင်းကို ဆွဲယူလိုက်သည်။လက်ကို ပြန်ရုတ်၍ ၊ ဘာတွေလဲဆိုတာ သေချာ မကြည့်ရသေးမီမှာပင် ၊ ထိုတုတ်က မထင်မှတ်ထားစွာဖြင့် သူ့လက်ထဲတွင် ကျိုးသွားခဲ့သည်။