格格不入(GeGeBuRu)
စာရေးသူ : ၀ူးကျယ်
ဘာသာပြန်သူ : ယင်း
အပိုင်း ၅
ရှန့်ရှီးမှာ တာ့၀ါးဆီ မပြန်ပေ။အခုတလောတွင်တော့ သူနှင့်မန်ထိုမှာ တာ့ကျန့်၏ အိမ်တွင် နေနေကြသည်။
မကြာခင် နှစ်သစ်ကူးတော့မည်ပင်။နှစ်တိုင်း ဒီိလ်ိုအချိန်ဆိုလျှင် ဖျင်ရှူး၏ အမေအို ၊ မိန်းမနှင့် ကလေးတို့က အကုန်လုံး ပြန်လာတတ်ကြသည်။ဖျင်ရှူး၏ သားမှာ တစ်ခြားမြို့၌ အထက်တန်း တက်နေသည်။အမှတ်များက မဆိုးလှဘူးဟု ကြားရသည်ပင်။အမေအိုနှင့် မိန်းမတို့က သားကို အဖော်ပြုရင်း ထ်ိုမြို့မှာသာ နေကြသည်။နှစ်သစ်ကူးသည့် အချိန်ကျမှသာ အကုန်လုံး တာ့၀ါးဆီ ပြန်လာတတ်ကြသည်။
ဒီလိုအချိန်မျိုးတွင်ဆို ဖျင်ရှူးအတွက် ကောင်းမွန်သည့် လက္ခဏာမရှိစွာ ၊ ဖြစ်တည်နေပါသော သူ့လိုလူမှာ ၊ ထိုနေရာတွင် ဆက်နေနေဖို့ မသင့်လျော်တော့ပေ။
တာ့ကျန့်က ဖျင်ရှူး၏ အမာခံပရိတ်သတ်ပင်။ဖျင်ရှူး ဘယ်နေရာကိုပဲ ရောက်ရောက် ၊ သူက ပန်းကိုကိုင်ရင်း အရှေ့ကနေ သွားကြိုဆိုမည့် အမျိုးအစားဖြစ်သည်။ရှန့်ရှီးနှင့် မန်ထိုအား တာ့ကျန်နေရာတွင် နေခိုင်းရသည်ကို ၊ ဖျင်ရှူးက အတော်လေး စိတ်ချသည်ပင်။
အမှန်မှာတော့ နှစ်သစ်ကူးဆိုလျှင် ရှန့်ရှီးလည်း တာ့၀ါးထဲမှာ မနေချင်ပေ။
ပုံမှန်အချိန်များတွင် ထိုနေရာ၌ ရှုပ်ရှပ်ခတ်နေပြီး ၊ ဘယ်နေရာကို ကြည့်ကြည့် သမားရိုးကျ အသက်ရှင်နေထိုင်နေသည့်လူ တစ်ယောက်မှ မရှိနေဘူး ဆိုသော်လည်း ၊ အနည်းဆုံးတော့ လူအငွေ့အသက် ရှိသည်ပင်။နှစ်သစ်ကူးလျှင် အခန်းငှားများက ထွက်သွားတတ်ကြသည်။တာ့၀ါးက်ို မပြောနှင့် ၊ ကျောက်ကျားယောင် တစ်၀ိုက်နားတွင်တောင် ရုတ်တရက်ကြီး ဟာလာဟင်းလင်းဖြင့် ပျက်စီးယိုယွင်းသွားသလိုပင်။
တကယ့်ကို စိတ်ရှုပ်ထွေးစရာပင်။
"ဒီနေ့ မင်းကို လိုက်ပို့ပေးခဲ့တဲ့လူက ဘယ်သူလဲ?"
တာ့ကျန့်က ဆေးလိပ်ခဲလျက် ကုတင်ပေါ် လှဲနေရင်းကနေ ရှန့်ရှီးကို မေးလာသည်။