格格不入(GeGeBuRu)
စာရေးသူ : ၀ူးကျယ်
ဘာသာပြန်သူ : ယင်း
အပိုင်း ၁၆
ရှန့်ရှီး၏ လေသံထဲရှိ အလောတကြီး ဖြစ်နေမှုနှင့် ၊ ဘယ်လိုမှ ရှင်းရှင်းလင်းလင်း မကြားရ ဖြစ်နေသည့် ပြောနေသော အကြောင်းအရာများက ချိန်ပေါ်ယန်ကို စိတ်မရှည်ဖြစ်လာစေသည်။အတော်ကြာအောင် ပြောနေသော်လည်း ရှန့်ရှီးက တကယ်ပဲ ဘာကို ပြောပြချင်နေမှန်း နားမလည်ပေ။လေသံများကြားထဲကနေ စကားပြောနေသည့် ရှန့်ရှီး၏ စကားကို သူ ဖြတ်ပြောလိုက်သည်။ :
"မင်း တကယ်ပဲ ဘာကိစ္စဖြစ်နေတာလဲ?အလျင်လိုလား?ငါ မင်းအတွက် ရဲကို ကူတိုင်ပေးလိုက်မယ်လေ?"
"ရဲကို မတိုင်နဲ့ ! ရဲကို မတိုင်နဲ့ ! "
ရှန့်ရှီးက တစ်ခွန်းအော်ပြောလာသည်။
"အိုင်း ကြားရပြီ ကြားရပြီ ၊ မြန်မြန်လေး ! မင်းဘယ်မှာလဲ ငါ့ကိုပြော ၊ ဘာကိစ္စဖြစ်နေတာလဲ ?"
နောက်ဆုံးမှာတော့ ချိန်ပေါ်ယန်မှာ အကြောင်းအရာ တစ်ခုကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရပြီ ဖြစ်ရာ ၊ ထူးထူးဆန်းဆန်းဖြင့် ပျော်ရွှင်သွားမိသည်။
"ကျွန်တော်.......အဲ့လမ်းမ....အမှန်တော့......"
ရှန့်ရှီး၏ အသံကမူလအခြေအနေဆီ နောက်တစ်ကြိမ် ပြန်ရောက်သွားခဲ့သည်။
"ရပြီ ၊ မပြောနဲ့တော့ ၊ သေချာမကြားရဘူး"
ချိန်ပေါ်ယန်မှာ သက်ပြင်းချလိုက်မိပြီး ၊ စဥ်းစားလိုက်ကာ ၊ ရုတ်တရက် အော်ပြောလိုက်မိသည်။
"ငါ့ IQတောင် မင်းကြောင့် နိမ့်သွားခဲ့တယ် ! မင်း ဖုန်းမဆက်နဲ့တော့ ၊ မက်ဆေ့ပို့ ! ငါ့ဆီ မက်ဆေ့ပို့လိုက် ! "
ထိုဘက်ဆီကနေ ရှန့်ရှီးကချက်ချင်းပင် ဖုန်းချသွားခဲ့သည်။
"အိုင်း......"
ချိန်ပေါ်ယန်မှာ မျက်မှောင်ကြုတ်လိုက်မိပြီး ၊ ဘီရိုကို ဆွဲဖွင့်၍ အပေါ်၀တ် ယူ၀တ်လိုက်သည်။စဥ်းစားနေရင်း အံဆွဲထဲမှ ပိုက်ဆံအချို့ ထုတ်ယူလိုက်ကာ ၊ ပြီးနောက်တွင်တော့ အခန်းတံခါးကို ဖွင့်၍ အပြင်ထွက်လာခဲ့လိုက်သည်။