格格不入(GeGeBuRu)
စာရေးသူ : ၀ူးကျယ်
ဘာသာပြန်သူ : ယင်း
အပိုင်း ၄
ကျန်ဟုန်ထူ၏ ထိုစကားထဲတွင် ကူကယ်ရာမဲ့မှုနှင့် ၀မ်းနည်းမှု နည်းနည်းလောက် ပါ၀င်နေလေသည်။ဒဏ်ရာအခြေအနေကို စစ်ဆေးရန် ဆန့်တန်းလိုက်သော ချိန်ပေါ်ယန်၏ လက်မှာ လေထဲတွင်ပင် ရပ်တန့်သွားခဲ့သည်။
"ဟုတ်လား"
သူ ခေါင်းမော့လိုက်ပြီး ကျန်ဟုန်ထူကို တစ်ချက်ကြည့်လိုက်မိသည်။
"မင်းအဖေက ဘာရောဂါဖြစ်နေတာလဲ?"
ကျန်ဟုန်ထူက ခေါင်းငုံ့သွားခဲ့ပြီး ၊ အတော်ကြာသွားကာမှ အသံတိုးတိုးဖြင့် ပြောလာသည်။ :
"ဗ်ိုက်ထဲမှာ အကျိတ်တစ်ခု ဖြစ်နေတာ"
"ဗိုက်ထဲမှာ?"
ချိန်ပေါ်ယန်မှာ အကျင့်ပါနေသည့် အတိုင်း ထပ်မေးလိုက်မိသည်။
"ဘယ်နေရာမှာလဲ?"
"ဟို.....ဟို....."
ကျန်ဟုန်ထူက ခေါင်းစောင်းသွားခဲ့ပြီး ၊ မျက်ခုံးအလယ်ကို ဖိနှိပ်လိုက်ကာ
"ဟို......အစာအိမ်ထဲမှာ"
"အစာအိမ်ထဲမှာလား?"
ချိန်ပေါ်ယန်မှာ သူ့ကို ကြည့်လိုက်မိပြီး
"ဘယ်လောက်ကြာနေပြီလဲ?ဓာတ်ခွဲစမ်းသပ်ကြည့်ပြီးပြီလား?အခြေအနေ ဆိုးလား?"
မိမိမှာ ရူးသွားတော့မလိုမျိုး ရှန့်ရှီး ခံစားလိုက်ရသည်။
ပါးစပ်ဟလိုက်သည်နှင့် မှန်ကန်သည့် စကား မထွက်တတ်သည်မှာ သူ၏ အကျင့်ပင်။သို့သော်လည်း ဆရာ၀န်တစ်ယောက်၏ အရှေ့တွင် မိမိ၏ အဖေက အကျိတ် ဖြစ်နေသည်ဟု ပြောလိုက်မိခြင်းမှာ ၊ ကိုယ့်သေတွင်းကိုယ် တူးလိုက်မိသလိုပင်။ပြုတ်ကျသွားပါက ကိုယ့်ဘာသာကိုယ် မြေဖုံး၍ ဖို့ရမည်ဖြစ်သည်။
အစာအိမ်ထဲတွင် အကျိတ် ဖြစ်တတ်သလား မဖြစ်တတ်ဘူးလားဆိုသည်ကိုပင် မသိပဲ ၊ ထိုစကားတစ်ခွန်းကို ပြောလိုက်မိသွားသည်။
အစာအိမ်က ဘယ်လောက်ကြီးတာလဲ?အဲ့နေရာမှာ အကျိတ် တစ်ခု ဖြစ်ဖို့ နေရာလောက်ရဲ့လား?