格格不入(GeGeBuRu)
စာရေးသူ : ဝူးကျယ်
ဘာသာပြန်သူ : ယင်း
အပိုင်း ၃၃
ရှန့်ရှီး၏ အခြေအနေကို ကြည့်ရသလောက်တော့ မဆိုးလှပေ။ခုနက လမ်းမျက်နှာချင်းဆိုင်တွင် စောင့်နေသည့် အချိန်က ၊ တစ်ခါတစ်လေ မှန်ပြတင်းပေါက်နားမှ ဖြတ်သွားတတ်သည့် ရှန့်ရှီးကို ချိန်ပေါ်ယန် မြင်ရသည်ပင်။လမ်းလျှောက်သည်မှာ လေပွေလို လျင်မြန်နေသည်။
"ဒီမှာ အလုပ်လုပ်ရတာ ဘယ်လိုခံစားရလဲ?"
ချိန်ပေါ်ယန်က ကားကို အရှေ့ဘက် မောင်းထွက်လာသည့် အချိန်၌ တစ်ခွန်းမေးလိုက်သည်။
"မိုက်တယ် ! "
ရှန့်ရှီးက လက်ဖျောက်တစ်ချက် တီးလိုက်ပြီး
"အိုင်း ၊ ခင်ဗျား ကျွန်တော့်ကို မြင်လိုက်တယ် မဟုတ်လား?ကျွန်တော့်မှာ ယူနီဖောင်း ရှိပြီ ! "
"မြင်လိုက်တယ်"
ချိန်ပေါ်ယန်က ရယ်၍ ပြောလိုက်သည်။
"တော်တော်လေး အရောင်တောက်တာပဲ"
"အမှန်တော့ အဲ့ဒါကို ယူနီဖောင်းလို့ မခေါ်ဘူး ထင်တယ် ၊ အလုပ်၀တ်စုံလို့ ခေါ်ရမှာပေါ့"
ရှန့်ရှိီးက ဟီးဟီးဟု နှစ်ခေါက်လောက် ရယ်လိုက်ပြီး
"တော်တော်လေး စိတ်၀င်စားစရာ ကောင်းတယ်လို့ ခံစားရတယ် ၊ အရမ်းကို ပုံမှန်ဖြစ်နေသလို ခံစားချက်မျိုး ၊ ကျွန်တော် ခင်ဗျားကို ပြောပြမယ် ၊ ဒီဘ၀ ဒီလိုပုံမှန်နေရာမျိုးမှာ အလုပ်လုပ်နိုင်လိမ့်မယ်လို့ ကျွန်တော် မထင်ထားမိခဲ့ဖူးဘူး"
"ဒါဆို ကောင်းကောင်းလုပ်"
ချိန်ပေါ်ယန်က ပြောလိုက်ပြီး ၊ နောက်ရက်နည်းနည်းလောက် နေလျှင် စုန့်ယိနှင့် လင်ဟယ့်ကို ထမင်းတစ်နပ်လောက် ၀ယ်ကျွေးမည်ဟု တွေးလိုက်မိသည်။
"ပင်ပမ်းလား?"
"အဆင်ပြေပါသေးတယ် ၊ ပင်ပမ်းတယ်လို့ ပြောလို့ မရဘူး ၊ အဓိကက ပတ်၀န်းကျင် ကောင်းတာ ၊ သန့်ရှင်း သပ်ရပ်နေတာပဲ ၊ ပြီးတော့ ဆောင်းရာသီဆို နွေးပြိီး နွေရာသီဆို အေးတယ်"