အမွေခံတပည့် ပထမအဆင့် တာဝန် ပြီးဆုံး သွားပြီးနောက် လရောင်လှုံဂိုဏ်းက ပြန်၍ ငြိမ်သက်နသည်။ ဒုတိယအဆင့် တာဝန်က ဘယ်တော့လာမည် မည်သူမျှ မသိချေ။ လူတိုင်းက ထိုအချိန်အတွင်း အပြင်းအထန် ကျင့်ကြံနေကြသည်။ ငြိမ်သက်နေသည့် အခြေအနေအောက်တွင် မုန်တိုင်း တစ်ခုက ရှိနေသည်သာ။
သိသာသော အပြောင်းအလဲမှာ ပထမတာဝန်ကို အောင်မြင်ပြီးနောက် ဝေထျန်းချောင်က နာမည်ကြီးလာခြင်းပင်။ အမွေခံလျာထား ပဏာမတပည့်ဆိုသည်ကား တစ်ကယ့်အကြောင်းကို မသိသူများအတွက် ရွှေထုပ်ကြီးပင်။ အကြောင်းသိများအနေဖြင့်လည်း ထိုသို့ တော်သည့် အစေခံ ကျောင်းသား ရသည်ကို မနာလိုကြသည်။
တော်သေးသည်မှာ ဝေထျန်းချောင်က အပြင်မထွက်ပဲ တံခါးပိတ် ကျင့်နေခြင်းပင်။ သူက သူနာမည်ကြီး ဖြစ်နေသည်ကိုပင် မသိချေ။
ရထားသမျှကို သူက ဆေးများအဖြစ် ပြောင်းပြီး ကျင့်ကြံနေလေသည်။ ဝေထျန်းချောင်က ယခင်နှင့် မတူစွာ မမောနိုင် မပန်းနိုင်ကို ကျင့်ကြံနေလေသည်။
သူ့အနေဖြင့် နားလည်မှု နည်းသေးသည့် လူဖြစ်သော်ငြား ကြီးကျယ်၍ မောက်မာသည့် အရင်က သခင်လေး ဝေထျန်းချောင်တော့ မဟုတ်တော့ချေ။ သူက ရင့်ကျက်လာပြီ ဖြစ်သည်။ သူက မကြာခဏ ရှီမန်နှင့် ကျားဟိန်းသံ တောင်ကြားသို့ သွားကာ တိုက်ပွဲအတွေ့အကြုံ ရအောင် လေ့ကျင့်လေသည်။
သူက ပိုက်ဆံ ဆုံးသော်ငြား တိုက်ပွဲ အတွေ့အကြုံအရ ဝေထျန်းချောင်နှင့် ရှီမန်က များစွာ တိုးတက်လာခဲ့သည်။ လဝက်ကြာပြီးနောက် ဝေထျန်းချောင်က အဆင့်ချိုးဖောက်သွားကာ ချီရေကန်အဆင့် ဖြစ်လာလေသည်။
ထိုအချိန်တွင်ပင် သူတို့အတန်းမှ လူရာချီက သူ့အရင် အဆင့်တက်ပြီး ဖြစ်လေသည်။ သို့သော်ငြား သူ့လို နဂါးတံခါး လေးလွှာသမားက ပါရမီရှင်များနှင့် မရှေးမနှောင်း အဆင့်တက်လာသည့်အတွက် ဝေထျန်းချောင်က ဂုဏ်ပင် ယူနေသည်။
ထိုသတင်းက ဝေအိမ်တော်သို့ ရောက်သွားချိန်တွင် တစ်အိမ်သားလုံးက ပျော်ပွဲရွှင်ပွဲပင် ကျင်းပကြလေသည်။
YOU ARE READING
တောင့်တမျှော်မှန်း အမတလမ်း (အတွဲ ၃ အပိုင်း ၂နှင့် အပိုင်း ၃)
Mystery / Thrillerတောင့်တမျှော်မှန်း အမတလမ်း အတွဲ (၃) အပိုင်း (၂) ပြန်လမ်းမဲ့ တောင်ကြား၊ အပိုင်း (၃) နန်းတော်ကိုးခု ပုံရိပ်ယောင် အစီအရင်