ဝေထျန်းချောင်က ကြောင်ကြည့်နေသည်။
"လေဟာနယ်ဓါး လေဟာနယ်ဓါး.. မိုးနတ်မင်း.. ဒီကောင်က လေဟာနယ်ဓါးကို သုံးနိုင်တယ်" သူက ရေရွတ်သည်။
ဝေထျန်းချောင်က မြေခွေးကို ပြန်ကြည့်လိုက်ချိန်တွင် သူ့မျက်လုံးများက တန်ဖိုးမဖြတ်နိုင်သည့် ရတနာကို ကြည့်နေသည့် မျက်လုံးများ ဖြစ်သွားသည်။
လေဟာနယ်ဓါးသည် ရှားပါးသော အာကာသဓါတ်သဘာဝ ဂါထာမျိုးဖြစ်သည်။ ထိုသို့ လေဟာနယ်ကို ဖြတ်သန်း တိုက်ခိုက်မှုမျိုးကား ရှောင်ရန် တားရန် မလွယ်ချေ။ သို့သော် အကွာအဝေးနှင့် နှုန်းထား ကန့်သန့်ချက်တော့ ရှိလေသည်။
(ပထဝီ၊ တေဇော၊ အာဘော၊ ဝါယော ဓါတ်ကြီး လေးပါးအပြင် ဓါတ်ကြီး ငါးပါး ခြောက်ပါး ကိုးပါးလို့ ပြောရင် အာကာသ ဓါတ်လည်းပါတယ်တဲ့။ ရုပ်အစုစုတွေကြား တစ်နည်း အသေးငယ်ဆုံး အနုမြှူ အမှုန်တွေတွေကြားမှာ ရှိနေတတ်တဲ့ အကြားအလပ်တွေကို အာကာသလို့ ပြောတယ်။ ဘယ်လိုရုပ်ဝတ္တုမျိုးမဆို အမှုန်တွေနဲ့ ဖွဲ့စည်းထားတာတဲ့။ Atom တို့ molecule တို့ကို ပြောတာ ဖြစ်မယ်။ ဆိုတော့ လေဟာနယ်ကလည်း အာကာသပဲ။ ကမ္ဘာအပြင် ဖိအားမရှိတဲ့ နေရာကြီး ကလည်း အာကာသပဲ ဖြစ်တာ။ ကိုးကားကတော့ ဝီကီနဲ့ ဘလော့တွေက ဆောင်းပါးတွေပါ)
ထိုသို့ အားနည်းချက်များ ရှိသော်လည်း လေဟာနယ်ဓါးမှာ အတော်လေး အသုံးဝင်သော ပညာပင်။ မြေခွေးလေးတွင် ထိုသို့ အစွမ်းမျိုး ရှိနေမည်ဟု သူက မထင်ထားခဲ့ချေ။ ထိုအကောင်ကား ဝေထျန်းချောင်ကို အထင်သေးသည်မှာ မဆန်းချေ။ တစ်ချက်ချလျှင် ဝေထျန်းချောင် ခေါင်းပြတ်သည်မှာ ကြာချေပြီ။ ဒေဝနတ်ဘုရား လော်ကြောင့်သာ သူက မသေခြင်းပင်။
ထန်ဂျီက တောင်တုကို ကြည့်လိုက် မြေခွေးလေးကို ကြည့်လိုက်နှင့် ကြည့်သည်။ မြေခွေးလေးမှာ တိုက်ခိုက်ပြီးချိန်တွင် ဂဏှာမငြိမ် ဖြစ်နေသည်။
"ဆိုတော့ ကပြား မြေခွေးပေါ့။ တန်ခိုးရှင် သားရဲ တစ်ကောင်ရဲ့ မယားငယ် မျိုးဆက် ဖြစ်မယ်။ သူ့မျိုးဆက်သွေးက မသန့်စင်တော့ လေဟာနယ်ဓါး သုံးချက်ပဲ ထုတ်နိုင်တယ်" ထန်ဂျီက ပြောလိုက်သည်။
YOU ARE READING
တောင့်တမျှော်မှန်း အမတလမ်း (အတွဲ ၃ အပိုင်း ၂နှင့် အပိုင်း ၃)
Mistero / Thrillerတောင့်တမျှော်မှန်း အမတလမ်း အတွဲ (၃) အပိုင်း (၂) ပြန်လမ်းမဲ့ တောင်ကြား၊ အပိုင်း (၃) နန်းတော်ကိုးခု ပုံရိပ်ယောင် အစီအရင်