In a quandary

4.2K 475 31
                                    

အိပ်ရေးဝပြီး အလိုလို နိုးလာသော နံနက်ခင်းတစ်ခုတွင် ပတ်ဝန်းကျင်က သင်းရနံ့ကလေးတစ်မျိုးကို စတင်ခံစားမိလာသည် ။ သည်နေ့ဟာ တနင်္ဂနွေမဟုတ်ပါလား ။ နှိုးစက် အကူအညီ မလိုအပ်ပါဘဲ နိုးလာရသည့်တိုင် လန်းလန်းဆန်းဆန်းရှိလှသော ပိတ်ရက်ကလေးပင်မို့ သူ ချက်ချင်း မထ,သေးဘဲ ကုတင်ပေါ်မှာသာ လူးလိမ့်နေမိသည် ။


ယနေ့တော့ သူ့အိပ်ရာက နည်းနည်း ခပ်ဆတ်ဆတ်ဖြစ်နေသလားဟု ထင်ရသည် ။ သူက အိပ်ရာဆိုလျှင် ဂွမ်းလိပ်ကြီးပေါ်မှာ ခင်းအိပ်ရသလို နူးညံ့နေမှ ကြိုက်သူ ဖြစ်သည်ကိုး ။ ယခုတော့ အိပ်ရာခင်းဟာ ခါတိုင်းထက် တောင့်တင်းနေသလိုပင် ။ သူ့ ခန္ဓာကိုယ်သည်လည်း အိစက်နစ်ဝင် မနေဘဲ အိပ်ရာနှင့်သူဟာ တစ်သားတည်း မကျ ဖြစ်နေသည် ။ 


" အွန်း !!! "


မနက်နိုးနိုးချင်း မျက်တောင်ဖွင့်ဖို့ ခက်နေလျှင် သူက ခန္ဓာကိုယ် ကြွက်သားတွေကို နိုးနိုးကြားကြားဖြစ်အောင် အကြောဆန့်‌လေ့ရှိသည် ။ အကြောဆန့်ပြီးခါမှ မျက်လုံးကို မဖွင့်ချင်ဘဲ အတင်းဖွင့်ပြီး ရေချိုးခန်းထဲသို့ တအိအိ ဝင်သွားမည် ။ ခဏနေလျှင် မေမေက သူ့ကို မနက်စာစားဖို့ လာခေါ်မည် ။ ဒါဟာ အလွတ်ရနေပြီ ဖြစ်သော သူ၏ တစ်ရက်တာကို အစချီသော ပုံစံပါပင် ။ 


ပိတ်ရက်များဆိုလျှင် မေမေလည်း အိမ်မှာ ရှိတတ်သည် ။ သည်လို ရက်များဆို အရင်လို ပေါင်မုန့် ၊ ကြက်ဥတွေ မဟုတ်သည့် မနက်စာကောင်းကောင်းလေး တစ်နပ်တော့ စားရကြုံတတ်ပါသည်လေ ။ 


ထို့ကြောင့် အိပ်ရာစောင်းသို့ ကုန်းရုန်းထထိုင်လိုက်သောအခါ သူ့ခြေထောက်တွေဟာ ကြမ်းပြင်ကို ထိမနေခဲ့ပေ ။ ဘယ်လိုများ ဖြစ်ရသည်လဲ ။ သူ့ ကုတင်ဟာ သူ့အရပ်နှင့် ကွက်တိလေး ရှိနေတတ်သော တစ်ယောက်အိပ်ကုတင်ကလေးရယ်ပါ ။ ညတွင်းချင်း သူ အရပ်တိုဝင်သွားတာတော့ မဖြစ်နိုင်ဘူး မဟုတ်လား ။ 


သူ့ မျက်လုံးတွေကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်မိလေရာ မိမိ၏ ကိုယ်ပိုင် အခန်းနှင့် မတူတော့သော ပတ်ဝန်းကျင် အသစ်ဟာ မြင်ကွင်းထဲမှာ လင်းခနဲ ဝင်လာ၏ ။ 

My Blue : 규진Where stories live. Discover now