Lowkey

4.4K 487 50
                                    

အမြဲတစေ ပိတ်ထားတတ်သော ဧည့်ခန်းထဲမှ ခန်းဆီးလိုက်ကာကို ဖွင့်ကာ မျက်နှာချင်းဆိုင်တိုက်ကို ဂယူဘင်း မမြင်မစမ်းနှင့် လှမ်းငေးလိုက်သည် ။ တိုက်နှစ်ခုကို ပိုင်းခြားထားသည့် လမ်းသွယ်တစ်ခုဟာ သူတို့ကြားမှ အတားအဆီးတစ်ခုလို ဖြစ်နေခဲ့၍ ကားတစ်စင်းပြီးတစ်စင်း အဆက်မပြတ် ဖြတ်သွားနေခဲ့သည် ။

သူ အာရုံစိုက်နေသည့် မြင်ကွင်းကို မကြာခဏ လာပိတ်သလိုဖြစ်လာသောအခါ နဖူးပေါ်က ဆံပင်တွေကိုသာ ဂယူ အလိုမကျစွာ သပ်တင်ပစ်လိုက်ရသည် ။


သူတို့အိမ် ဧည့်ခန်းနေရာဆီမှ အဝေးကြည့်မှန်ပြောင်းနဲ့ ကြည့်လျှင်တောင် အပြည့်မမြင်နိုင်သော တစ်ဖက်အိမ်မှ စန္ဒရားထိုင်ခုံနေရာလေးဟာ ယနေ့တော့ သာမန်ထက်ပို တိတ်ဆိတ်နေခဲ့၏ ။ ပုံမှန်ဆို ပိတ်ရက်တွေမှာ ထို ထောင့်ချိုးနေရာကလေးမှ စန္ဒရားတီးသံ အချို့ကို ဝိုးတဝါး ကြားရတတ်သည်လေ ။


ဝရံတာမှ ကြည့်လျှင်တော့ အိမ်ရှေ့တိုက် တစ်ခုလုံးကို အေးအေးလူလူ မြင်ရသည် ။ သို့သော် ထိုသို့ ပေါ်တင် တက်မချောင်းချင်၍ ဤမျှ ခက်ခက်ခဲခဲ ကြိုးစားနေရခြင်းဖြစ်သည် ။ 

ယခုတော့ စနေနေ့ မနက်ခင်းမှာပင် ခြံထဲဆင်းမလာခဲ့သော အနုပညာမေဂျာကျောင်းသားလေးကြောင့် ဂယူဘင်း ဗျာများနေရသည် ။ 

ခဏကြာတော့ ထိုအိမ်မှ ကားတစ်စီးထွက်လာ၏ ။ ထင်ထားသည့်အတိုင်း ပိတ်ရက်တိုင်းတွင် ဈေးသွားတတ်သော ယူဂျင်း မေမေ၏ ကားပါပင် ။ သို့ပေသည့် ပြဿနာဟာ .. ထိုအိမ်မှ တစ်ယောက်ယောက် အပြင်ထွက်တိုင်း ခြံတံခါး လိုက်ဖွင့်ပေးတတ်သော ကောင်လေးကို သည်နေ့ လုံးဝ မတွေ့ရခြင်း ဖြစ်သည် ။ 


" ဒီနေ့ စောစောထလို့ပါလား အချစ်လေး "


မေမေသည် ဧည့်ခန်းထဲတွင် ကုတ်ချောင်းကုတ်ချောင်းဖြစ်နေသော ဂယူဘင်းကို မယုံသင်္ကာ ကြည့်နေသည် ။ ယနေ့ဟာ ပိတ်ရက်ဖြစ်ပေမဲ့ သူ့နည်းတူ နေ့တိုင်း အိမ်ကပ်လေ့မရှိသော မေမေ့အတွက်လည်း သီတင်းတစ်ပတ် ၇ ရက်မှာ နားရက်ဟူ၍ မရှိပါချေ ။ အမြဲတမ်း ကြော့မော့နေတတ်သော မေမေသည် ယခုလည်းပဲ အပြင်သွားဖို့ ပြင်ဆင်ထားပုံရပါသည် ။ 

My Blue : 규진Where stories live. Discover now