I love you so

4K 480 34
                                    

ဗုဒ္ဓဟူးနေ့ ။ ညနေ ၅ နာရီ ၃၅ မိနစ် ။


ယနေ့တော့ မိုးညိုနေသည် ။ စွေတော့မည့် မိုးသားရိပ်တို့က အရပ်လေးမျက်နှာမှ တလိမ့်လိမ့်ဝေ့တက်လာနေသည် ။ မိုးရေထဲမှာ ကားမောင်းရမှာကို ယူဂျင်း တကယ် မကြိုက်ပါ ။

အထူးသဖြင့် လင်းခနဲ ဖြစ်သွားတတ်တဲ့ လျှပ်စီးရောင်အချို့ ထက်အာကာတစ်ခွင်တွင် ပျံသန်းသွားသည်နှင့်တစ်ပြိုင်နက် သူ့နောက်ကနေ အမြန်ပြေးလိုက်လာတတ်တဲ့ မိုးချုန်းသံတွေ ။ 

ယူဂျင်းက မိုးရွာချိန်တွင် ကောင်းကင်ကြီး ပြာလဲ့နေရာကနေ ညို ၊ ညိုရာကနေ မှိုင်းမှောင်သွားတတ်သည်ကို သဘောမကျရုံသာရှိပေမဲ့ စစ်ချီသံလို ဆူညံပွက်လောရိုက်သွားတတ်သည့် မိုးခြိမ်းသံကိုတော့ မုန်းတာထက်ပိုပါသည် ။ နားဝင်ချိုစရာ အသံမျိုးလည်း မဟုတ်ပါဘဲလေ ။ 


" တစ်ယောက်တည်း ပြန်ရမှာ မိုးမရွာပါနဲ့အုံးလို့ !! "


တစ်ခါတစ်ရံ သည်လို အခန့်မသင့် မိုးကြီးတတ်သောရက်တွေဆို ကိုကို ကျောင်းလာကြိုပေးတတ်သည် ။ ယူဂျင်းကို တသီးတသန့်လာကြိုသည်ဟုတော့ မတွက်ဆရဲပေမဲ့ အဲသည်လို အချိန်မျိုးမှာဆို ကျောင်းထဲကိုဝင်လာသော ကိုကို့ကားလေးကို မြင်တိုင်း ' နေ့တိုင်းမိုးရွာပါစေ' ဆိုပြီး ယူဂျင်းမှာ ရူးရူးနှမ်းနှမ်း ဆုတောင်းမိတတ်သေးသည် ။ 


အခုတော့ ယူဂျင်း ကိုကိုနဲ့ အဆက်အသွယ်မရသည်မှာ သုံးရက်တင်းတင်းပြည့်ခဲ့ပါပြီ ။ မျက်နှာချင်းဆိုင်တိုက်မှာ နေထိုင်ကြသူချင်းဖြစ်ပါလျက်နှင့် ကိုကိုသည် အရိပ်ကလေးပင် ဖမ်းမရအောင် အရှောင်အတိမ်းတော်လွန်းသည် ။ 

ကိုကို့လိုလူဟာ ဆန္ဒသာရှိလျှင် ယူဂျင်းရှိနေသော သည်နိုင်ငံတွင်းကနေပါ အပြီးထွက်သွားပြီး တစ်သက်လုံး ရှောင်ဖယ်သွားနိုင်သည့်တိုင် လုပ်နိုင်စွမ်းရှိသူမလို့ ကိုကို့ဘက်က စပြီး မဆက်သွယ်လာမချင်း ယူဂျင်းဘက်က အာရုံနောက်အောင် သွားမလုပ်ရဲပါချေ ။

မိုးရွာတော့လည်း မိုးရွာသည့် အလျောက် သတိရသည် ။ နေပူလျှင်လည်း နေပူသည့်အလျောက် အလွမ်းပိုသည် ။ ကြယ်ရောင်တွေပဲ ရှိနေတတ်သော ညချမ်းများတွင်တော့ အလွမ်းဓာတ်ဟာ အားအပြင်းဆုံးဖြစ်သည် ။

My Blue : 규진Where stories live. Discover now