Part - 5

2.6K 278 19
                                    

အလင်းရောင်သည် မှိန်တုန်တုန်။ တစ်ကိုယ်လုံး ကိုင်ရိုက်ခံထားရသလို နာကျင်ကိုက်ခဲနေပြီး ခေါင်းက တဆစ်ဆစ်ထိုးကိုက်ကာ အဋ္ဌာရူပနိုးလာသည်။ အားယူထ၍ ဘေးပတ်ဝန်းကျင်လေ့လာတော့ ကောက်ရိုးထည့်ထားသည့် နွားတင်းကုတ်သာသာအခန်းကျဥ်းလေးတွင် ဖြစ်သည်။ ရေအချို့ နံရံကို စီးကျနေကာ အသားညှီနံ့စို့စို့များ၊ အလွန်ပြင်းသောသွေးညှီနံများ၊ နွားချေးအနံ့များ၊ စားကြွင်းစားကျန်ပုပ်နံ့များမှာ အသက်ရှူလိုက်တိုင်း နှာခေါင်းထဲ လှိုက်ခနဲတိုးဝင်လာသည်။ ၎င်းအနံ့အသက်ဆိုးများကြား မိုးရေကြောင့် ထွက်လာသည့် မြေသင်းနံ့ကိုလည်းရှူရှိုက်မိသည်။

အဋ္ဌာဝတ်ထားသော ရင်စည်းသိုရင်းအင်္ကျီအနီလေးမှာ အနံအသက်ဆိုးဝါးနေပြီး ဗလာထဘီလေးမှာ အရောင်မျှ မပေါ်ချင်အောင် ညစ်ထေးစုတ်ချာနေ၍ ကိုယ်တိုင်ပင် မသိုးမသန့်ဖြစ်သွားရသည်။ ဆံကေသာမှာလည်း ဆံထုံးပြေလျော့ကာ ဖားလျားဖြစ်နေပြီး မြေကြီးတွင် ဆင်းပုံနေသည်။

တစ်ကိုယ်လုံး ညစ်ပတ်နေကြောင်း သိတော့ ရေကို တောင့်တလာသည်။ နှုတ်ခမ်းသည် အက်ကွဲနေပြီး အာခေါင်မှာ ခြောက်ကပ်လွန်း၍ တံတွေးကိုပင် မနည်းမျိုချရသည်။ ဆာလောင်မှုက တရိပ်ရိပ်ဝါးမျိုလာ၏။

အဋ္ဌာရူပ ထရပ်၍ နွားတင်းကုတ်သာသာရှိသော သစ်တပ်တံခါးကို တွန်းဖွင့်လိုက်တော့ အလွယ်တကူပွင့်သွားသည်။ မိုးရွာပြီးခါစမို့ ရေစက်တို့က တစ်စက်စက် ခိုတွဲကျနေ၏။ ဘေးဝန်းကျင်ကို လျှောက်ကြည့်စဥ် များပြားလှသောလူများ၏အသံသည် ခပ်လှမ်းလှမ်းမှ ဆူဆူညံညံ ပြေးဝင်လာ၏။

အဋ္ဌာ ဆက်လျှောက်သွားတော့ စဥ်းတီးတုံးပေါ်၌ ဓားတဝင့်ဝင့် အသားခုတ်နေသော ထွားထွားကျိုင်းကျိုင်းယောက်ျားများကို တွေ့သည်။ အချို့များက အင်္ကျီဗလာ အချို့များကာ သင်တိုင်းအင်္ကျီကို ရင်ခွဲဝတ်၍ ပုဆိုးခါးတောင်းကျိုက်ထားသဖြင့် ပေါင်ပေါ်၌ ထိုးကွင်းမှင်သေ့များ ထင်းနေပြီး သျှောင်ခွေခွေများမှာ ပခုံးပေါ် တွဲကျနေ၏။ အချို့များမှာ ကွမ်းတမြှုပ်မြှုပ်ဝါးနေသဖြင့် နွားသွေးအရောင်နှင့်ရောကာ အသားစိမ်းကိုက်စားထားသလို ဤနေရာ၌ အရာရာတိုင်းမှာ မသန့်ပေ။

ကမ္ဘာကုန်ကျယ်သရွေ့တည်စေသော်Where stories live. Discover now