အင်းဝလမ်းမကြီးများပေါ်၌ နန်းတွင်းတပ်များမှာ ဖြန့်ကျက်စောင့်ကြည့်နေရာယူထားကြသဖြင့် မြို့နေအင်းဝပြည်သူတို့မှာ ကျီးလန့်စာစားသလို မသွားလာရဲ ကြောက်လန့်နေကြသည်။ နန်းတွင်းစစ်သည်များမှာ မင်းမှုထမ်းတစ်ဦးကို ကြိုးဖြင့် တုပ်ကာ အကျဥ်းထောင်ဘက် ဆွဲခေါ်သွားသဖြင့် မြို့ထဲသို့ ယခုမှ ဝင်လာသည့် အဋ္ဌာရူပလန့်သွားသည်။ ၎င်းမင်းမှုထမ်းမှာ သူမအဘ၏မိတ်ဆွေဖြစ်ပြီး နန်းတွင်း၌ ရာထူးကြီးအဆင့်ရှိသည်။ အဘသည်လည်း အင်းဝတွင် ကုန်သည်သူဌေးကြီးတစ်ဦးဖြစ်ပြီး ဝန်ကြီးဦးပုနှင့် ခင်မင်ရင်းနှီးသည်။
"မကောင်းတော့ပေဘူးသခင်မလေး၊ ကျွန်တော်မတို့ အိမ်တော်အမြန်ပြန်မှဖြစ်ပေတော့မယ်”
အဋ္ဌာရူပမှာ လွန်ခဲ့သော သုံးရက်က အဘမအားသဖြင့် ဒတ်ချ်ကုန်သည်တစ်ဦးနှင့် ကူးသန်းရောင်းဝယ်မှုလုပ်ရန် ကျောက်ဆည်သို့ အစေခံမလေးမေဝိုင်းနှင့်အတူ သွားခဲ့သည်။ မကြာသေးခင်ကမှ မဏိပူရ၏ကသည်းတပ်များ ဆုတ်ခွာသွားကြသဖြင့် စစ်ပွဲအေးပြီဟု ပျော်နေသမျှ အိပ်မက်သာ။ အင်းဝမှာ မငြိမ်းချမ်းနေသည့်အပြင် တစ်မြို့လုံး ရုန်းရင်းဆန်ခတ်နေသည်။
အဋ္ဌာရူပတို့ အိမ်တော်သို့ ပြန်လာတော့ နန်းတွင်းစစ်သည်များသည် သူမတို့ အိမ်တော်သို့ ဝိုင်း၍ တန်ဖိုးကြီးဥစ္စာ၊ ရွှေငွေလက်ဝတ်တန်ဆာများကို အင်အားသုံး လုယူခိုးဝှက်နေပြီး မယ်မယ်၊ အစ်ကိုတော်၊ ညီမတော်နှင့် အစေခံသုံးဦးကိုလည်း လှံထောက် ဖမ်းဆီးထားကြသည်။ အစ်ကိုတော့်မျက်နှာ၌ ရဲမက်များ ဝါးရင်းတုတ်ဖြင့် ရိုက်ထား၍ သွေးများ ဖုံးအောင် ဖူးယောင်နေကာ ညီမတော်က အသံမထွက်ရဲဘဲ ကြိတ်ငိုနေသည်။ စစ်သည်များမှာ အိမ်တော်ရှိပစ္စည်းများကိုလည်း ဆင်ခြင်တုံတရားမဲ့စွာ ရိုက်ခွဲဖျက်စီးနေကြလေ၏။
"တန်ဖိုးကြီးမှန်သမျှ ပြည်သူ့ဘဏ္ဍာအဖြစ် အကုန်သိမ်းယူစမ်း၊ ဘာမှမချန်စေနဲ့၊ နှင်းမောင်ရဲ့အမိန့်ပဲဟေ့”
"တင်ပါ့ဘုရား”
မြင်းပေါ်မှ မဆင်းဘဲ အမိန့်ပေးနေသည့်ဤလူကို အဋ္ဌာရူပ ခြံပြင်မှ နာကြည်းစွာ ကြည့်လိုက်သည်။ ဖော့လုံးဖြူခေါင်းပေါင်းနှင့်ရွှေချည်ထိုးပုဆိုးဝတ်ထားသောဤလူကို အဋ္ဌာရူပသိသည်။ သူက မြို့ဝန်ရုံးတော်၌ မြို့စာရေးလုပ်နေသူဖြစ်ပြီး အကျဥ်းသားများကို မညှာမတာ ရိုက်နှက်စစ်ဆေးမှုများလုပ်ကာ သေဒဏ်ချမှတ်လေ့ရှိသည်။ ဝန်ကြီးဦးရွှေဖြိုး၏ယောက်ဖဖြစ်ကာ မြို့စာရေးရာထူးရနေပြီး ယခုတော့ နန်းတွင်းစစ်သည်များကိုပါ ခေါ်၍ မြို့ထဲ သောင်းကျန်းနေ၏။ ဤလူက အဋ္ဌာရူပတို့အိမ်တော်လာ၍ အဋ္ဌာ့ကို မယားငယ်အဖြစ် လက်ထပ်ယူရန် ပြောဆိုဖူးကာ အဘက ဤလူကို မောင်းထုတ်ဖူးသည်။
YOU ARE READING
ကမ္ဘာကုန်ကျယ်သရွေ့တည်စေသော်