Part - 7

2.3K 251 16
                                    

"နန်းတွင်းသမားတော်မ,မထွေးယုံရောက်ရှိကြောင်းပါဘုရား”

နန်းတွင်းဆေးစာအုပ် ပေရွက်အထပ်လိုက်ကို ဖတ်တတ်နိုးနိုး ဆူးညှာ ပြန်လိုက်လှန်လိုက်လုပ်နေရာမှ မယ်အုံ၏လျှောက်တင်သံကြောင့် မျက်နှာဝင်းလက်သွားသည်။ မထွေးယုံက နန်းဆောင်ထဲသို့ ဆေးသေတ္တာဆွဲ၍ ခပ်ကုပ်ကုပ်ဝင်လာပြီး ဆူးညှာကို ဦးချဝပ်တွားသည်။

"မော်ဖူးစေ၊ ယူလာခိုင်းထားတဲ့ ဆေးတွေပါလား”

"ပါတယ်ဘုရား”

သမားတော်မထွေးယုံက ဆေးသေတ္တာဖွင့်ကာ ဆေးအမြစ်များ ရောကြိတ်ထားသည့် ဗမာဆေးများထုတ်ပြသဖြင့် ဆူးညှာ သလွန်ပေါ်မှ ဆင်းကာ ဆေးတစ်ခုချင်းစီကို အနံ့ခံကြည့်လိုက်သည်။

"ကောင်းတယ်၊ မယ်အုံ...ဒါတွေ ထုပ်ပြီး မိကျေးကို ငါပြောသလို တိုက်လိုက်”

"တင်ပါဘုရား”

မယ်အုံက မထွေးယုံဆီမှ ဆေးများ ထုပ်ယူ၍ နန်းတွင်းသူအဆောင်သို့ သိုဝှက်စွာ ထွက်သွား၏။ မထွေးယုံက စပ်စုကာ အရိပ်အကဲလိုက်ကြည့်နေသဖြင့် ဆူးညှာ သလွန်၌ ပြန်ထိုင်လိုက်သည်။

"အပျိုစင်ဖြစ်နေရမည့်နန်းတွင်းသူက ကိုယ်ဝန်ဖျက်ချတာပါလားဘုရား၊ ဤသတင်းပေါက်ကြားလျှင် နန်းတွင်းသူရော နန်းတွင်းသူကို သွေးဆောင်ဖြားယောင်းသည့်ယောက်ျားရော သေဒဏ်ပေပဲ၊ မင်းသမီးက ကာကွယ်ပေးနေတာလားဘုရား”

ဆူးညှာ ယွန်းဘူးထဲမှ ရွှေစတစ်စကို ယူ၍ ကောက်ပစ်ပေးလိုက်သည်။ မထွေးယုံက လက်အုပ်ချီထားရာမှ လျင်မြန်စွာ လှမ်းဖမ်းလိုက်လေသည်။

"သိတယ်မလား၊ ပါးစပ်ပိတ်ထားရမယ်ဆိုတာ၊ လျှောက်ပြောလိုက်လို့ မထွေးယုံမှာလည်း ဘာအကျိုးမှမရှိပါဘူး၊ သုဒ္ဓါရုံဝတီနန်းဆောင်က နန်းတွင်းသူတွေကို ထိဖို့ မကြံနဲ့”

"ကျွန်တော်မျိုးမနှုတ်လုံပါ့မယ်ဘုရား”

ဆူးညှာ မျက်နှာတည်ထားတော့ မထွေးယုံက ပြန်ရန် ပြင်ပြီးမှ လက်အုပ်ချီကာ ဦးမော့ကြည့်လာသည်။

"မင်းသမီးဘုရား...ကျွန်တော်မျိုးမ မနေ့ကမှ ဇာတိက ပြန်ရောက်လာပေတယ်ဘုရား၊ ကျွန်တော်မျိုးမဇာတိက မတ္တရာဖြစ်တာသိမှာပါ့ဘုရား၊ အဲဒီမှာ မင်းသမီး၏မယ်တော်ကို ကံကောင်းစွာ ဆုံခွင့်ရခဲ့ပေတယ်ဘုရား”

ကမ္ဘာကုန်ကျယ်သရွေ့တည်စေသော်Where stories live. Discover now