Part - 11

2.4K 248 37
                                    

ကညင်ဆီမီးတိုင်မှာ မှိန်တုန်တုန်။ ဆူးညှာ မှီတော်အုံး၌ လက်တစ်ဖက်ကို ထောက်အားပြု၍ ကိုယ်တခြမ်းမှီကာ နန်းတွင်းပေစာအုပ်ကြီးတစ်အုပ်ကို စာဖတ်ဆောင်မှ ယူလာကာ ကြိုးစားဖတ်နေမိသည်။ အချို့နေရာများတွင် အသုံးအနှုန်း အရေးအသား ဆိုလိုချက် နားမလည်လျှင် အထိန်းတော်မယ်အုံကို မေးရန် မှတ်ထားလိုက်သည်။

အတန်ကြာတော့ မယ်အုံက ညလယ်စာမုန့်များယူ၍ အဆောင်တော်ထဲ ဝင်လာကာ ဆူးညှာကို ဆက်သသည်။ ဆူးညှာ သရေစာမုန့်ကို မျက်စပစ်လှမ်းကြည့်၍ စာအုပ်ကို လက်တစ်ဖက်ဖြင့် ကိုင်ကာ ပုံစံမပျက်ဆက်ဖတ်နေလိုက်သည်။ သရေစာမုန့်မှာ အငွေ့ထောင်းထောင်းထကာ အနံ့သည်လည်း မွှေးကာ စားချင်စဖွယ်ဆွဲဆောင်နေသည်။ သို့သော် ဆူးညှာမှာ ဤမုန့်များကို ညစဥ်စားနေရ၍ လျှာယဥ်ကာ စားချင်စိတ်မျှဖြစ်မလာတော့ပေ။ ရာသီဥတုကလည်း ပူလှသည်မို့ ရေခဲမုန့်ကိုသာ တောင့်တမိသည်။

"မယ်အုံ''

"ဘုရား"

"နန်းဆောင်က မိကျေးမရှိတော့ တိတ်ဆိတ်နေလိုက်တာ၊ မိကျေးကို သတိရမိတယ်''

"ထပ်တူခံစားရကြောင်းပါဘုရား''

"တကယ်ရိုးအပြီး ဖြူစင်တဲ့ကောင်မလေး၊ ငါလည်း သူ့အတွက် အမှန်တရားမဖော်ပေးနိုင်လို့ စိတ်မကောင်းဖြစ်မိတယ်၊ ဒီလိုအဖြစ်မျိုးတွေ ထပ်မကြုံအောင် ဘယ်လိုလုပ်ရပါ့မလဲ''

ဆူးညှာ တွေးတွေးဆဆပြောရင်း မယ်အုံကို ကြည့်တော့ နားထောင်နေရဲ့လားပင်မသေချာပေ။ လက်မှာ ဟိုကုပ်သည်ကုပ်ဖြင့် ဂဏှာမငြိမ်ဖြစ်နေ၏။

"မယ်မင်း ဖင်တကြွကြွနဲ့ ဘာဖြစ်နေတာတုန်း၊ ငါ့စကားကို အာရုံမလာဘူးပေါ့လေ''

"ဘုရား! အရုဏ်မရောက်သေးပါ စောသေးတယ်ဘုရား၊ စက်တော်ခေါ်တော့မည်လားဘုရား''

ဆူးညှာ စိတ်ကုန်စွာ ​လေမှုတ်ထုတ်၍ စာဆက်ဖတ်နေလိုက်သည်။ မျက်မှန်မပါဘဲ ကောင်းစွာမြင်ရသည့်အပြင် စာဖတ်ရလည်း အတော်ကြည်လင်ပြီး ခေါင်းမကိုက်သည်မို့ သုဒ္ဓါရုံဝတီ၏မျက်လုံးကိုတော့ ဆူးညှာသဘောတွေ့နေမိသည်။

ကမ္ဘာကုန်ကျယ်သရွေ့တည်စေသော်Where stories live. Discover now