Part - 16

2K 162 44
                                    

ရွှေမော်ဓောဘုရားအနီးဝန်းကျင်၌ ဟံသာဝတီပြည်သူများမရှိတော့ပေ။ အစောင့်ရဲမက်အနည်းငယ်သည် အပြင်ဘက်အလှမ်းဝေးသောနေရာ၌ မိဖုရားလုံခြုံရေးအတွက် စောင့်နေကြသည်မို့ ခွေးတစ်ကောင်မှပင် ဖြတ်မလာကြ။ အဋ္ဌာ ဘုရား၌ သီလ​ဆောက်တည်နေဟန်ပြကာ မေဝိုင်းကို စောင့်နေခဲ့သည်။ တွေ့ဆုံကြရန် ချိန်းဆိုထားသည့်အချိန်မှာ အတော်ကျော်လွန်နေခဲ့ပြီး ညနေစောင်းချေပြီ။ နန်းတွင်းသူလာပို့ထားသည့် သားသတ်လွတ်ထမင်းပွဲမှာ အနည်းငယ်သာ သုံးဆောင်ထား၏။ မေဝိုင်းမှာ မြို့ဝန်အိမ်တော်မှ ထွက်လာရန် အခြေအနေမပေးလေသလား ဘေးတွေ့နေသလား ပူပန်ရ၏။

ဤအတိုင်းငြိမ်နေရသည်မှာ အဋ္ဌာ၏ပုံစံမဟုတ်သလို ငြီးငွေ့ရသဖြင့် ဘုရားပေါ်မှ ခိုးကြောင်ခိုးဝှက်ဆင်းလာခဲ့ပြီး အနောက်ဘက်ဝါးရုံ၌ အနက်ရောင်ဝတ်စုံ ပြောင်းလဲဝတ်ဆင်လိုက်သည်။

မင်းသမီး၏သစ္စာခံတပ်များကဲ့သို့ အနက်ရောင်အပိုင်းဖြင့် နဖူးတွင် ချည်နှောင်ပြီး ပိတ်ဖြူအထည်ကို ဘေးလွယ်အိတ်ထဲ ထည့်လိုက်သည်။ ပြီးနောက် အနောက်လမ်းကြားမှ ခိုးထွက်ကာ မင်းသမီး၏ယာယီတဲနန်းဘက်သို့ ကွေ့ပတ်လာသည်။ အထိန်းတော်ကြီးဒေါ်မယ်အုံက ယာယီတဲနန်းရှေ့ ထွက်ရပ်ကာ လမ်းဘက်သို့ ​ငေးရင်း တမျှော်မျှော်လုပ်နေ၏။

''ကြီးတော် အကြောင်းထူးရှိလို့လေလား"

''အဋ္ဌာရူပ ညည်းဟုတ်သလား၊ မင်းသမီးနှယ် ယောမိဖုရားသတင်းစုံစမ်းမယ်ဆိုကာ မနက်တည်းက ဆက်သားကိုယ်ရံတော်နှင့်အတူ တပ်စခန်းဆီထွက်သွားလေတာ ပြန်မလာနိုင်လေဘူး၊ ကျုပ် မင်းသမီး ဘေးတွေ့မှာ စိုးထိတ်ရပါဘိ"

အဋ္ဌာ မန်ကျည်းပင်စည်၌ ချည်ထားသော မြင်းတစ်​ကောင် ဆွဲယူ၍ မြင်းပေါ် လွှားခနဲ ခုန်တက်လိုက်သည်။ ဟန်ပန်မှာ ပြတ်သားလွန်း၏။

''ကျွန်မလိုက်သွားပေဦးမယ်၊ ရာ့..."

အဋ္ဌာ မြင်းကို ဒုန်စိုင်းကာ မြို့ထဲမှ အပြင်းနှင်လာခဲ့သည်။ ချောမောလွန်းသောမျက်နှာမှာ ရှေ့စူးစူးသို့ ကြည့်ကာ နှုတ်ခမ်းမှာ စေ့ပိတ်ထားသည်။ မြင်း တစ်ချက်ခုန်လိုက်တိုင်း လွှားခနဲ မြှောက်တက်သွားသည့် ကိုယ်ဟန်မှာ လှပလွန်း၍ တောကောင်သမင်များက လှည့်ကြည့်ရသည်။ ယုန်များက လမ်းဖယ် ရှောင်ပေးရသည်။ ​မြင်းခွာသံကြောင့် ဌက်ကလေးများက အိပ်နေရာမှ လန့်နိုးကာ ထကြည့်ရသည်။ အဋ္ဌာရူပသည် သာမန်မိန်းမတော့မဟုတ်။ ဘုန်းရှိကံရှိ အာဂမိန်းမမို့ အန္တရာယ်ချောက်နက်ကျမည့်ချိန်တိုင်း အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။

ကမ္ဘာကုန်ကျယ်သရွေ့တည်စေသော်Where stories live. Discover now