အခန်း (၁) ကျောင်းပြောင်းလာတဲ့ ကောင်မလေး
အဲ့ဒီ့နေ့တုန်းက ကျနော် ကျောင်းကို မနက်အစောကြီးကတည်းက ရောက်နေခဲ့တာ။ ကျောင်းကို ရောက်တော့ ၈နာရီ ၁၀မိနစ်လောက်ပဲ ရှိသေးတာ။ အဲ့တော့ ပုံမှန်ရက်တွေထက် ပိုပြီး စောရောက်တယ်လို့ ပြောလို့ရတယ်။
အိမ်ကနေ ကျနော်စီးလာခဲ့တဲ့ ဝမ်းတူးဖိုက် ဆိုက်ကယ်ကို ကျောင်းဘေးနားက စျေးဆိုင်မှာ အပ်ခဲ့ပြီး ကျောင်းဘက်ကို လမ်းလျှောက်သွားလိုက်တယ်။ ကျောင်းအုပ် ဆရာမကြီးရဲ့ စည်းကမ်းအရ အသက်မပြည့်ဘဲ ဆိုင်ကယ်စီးခွင့်မပြုတော့ ကျနော့် အဒေါ်ရဲ့ အသိမိတ်ဆွေ ဆိုင်မှာပဲ ဆိုင်ကယ်ကို အပ်ခဲ့ရတာပေါ့။
အဲ့ဒီ့ခေတ်တုန်းက ကျောင်းကို ဆိုင်ကယ်စီးပြီးလာတဲ့ ကျောင်းသား မရှိသလောက်ပါပဲ။ ဆိုင်ကယ်တွေကလည်း ရှားသေးတာကိုး ၊ ကျနော့်အဖေကသာ အလိုလိုက်ပြီး ဆိုင်ကယ် ဝယ်ပေးထားတာ။ ကျန်တဲ့ အလယ်တန်း အထက်တန်း ကျောင်းသားတွေ အကုန်လုံး စက်ဘီးနဲ့ပဲ ကျောင်းကို လာကြတာရယ်။
ကျနော်လည်း စစ်ကိုင်းမြို့ကို ရောက်ကာမှ ဆိုင်ကယ်စီးပြီး ကျောင်းလာဖြစ်တာ။ စက်ဘီးအတူစီးပြီး ကျောင်းကိုသွားမယ့် သူငယ်ချင်း မရှိတာကြောင့်လည်း ပါတယ်။ ကျနော် အခုနေတဲ့ အဒေါ့်အိမ်နဲ့ အ.ထ.က (၁)နဲ့က နည်းနည်းလည်း ဝေးလို့။
အ.ထ.က (၁) ကျောင်းကြီးရဲ့ တောင်ဘက်ဝင်ပေါက်ကနေ ကျောင်းဝန်းထဲ ပျင်းရိစွာ လမ်းလျှောက်ရင်း ဝင်လာခဲ့တယ်။ ဂိတ်ပေါက်ဝမှာ တာဝန်ကျတဲ့ ဆရာမက ကျနော့်ကို မျက်မှောင်ကုတ်ပြီး စိုက်ကြည့်နေတယ်။ ဘာလို့လဲတော့ ကျနော် မသိပါဘူး။
ကျောင်းစိမ်းပုဆိုးကို ချက်ပြုတ်ဝတ်ထားလို့လား ၊ ဆံပင်က ဘုတ်သိုက်ကြီး ဖြစ်နေလို့လား ၊ ဒါမှမဟုတ် လက်ပိုက်ပြီး “မင်္ဂလာပါ ဆရာမ”လို့ မျက်နှာလို မျက်နှာရ မနှုတ်ဆက်လို့များလား။ ဟင်း....ဆရာမတွေက သူတို့သဘောမကျတဲ့ ကျောင်းသားဆို အပြစ်ရှာဖို့က လွယ်လွယ်လေးရယ်။
ဂိတ်ပေါက်ဝက ဆရာမကို မျက်လုံးချင်းဆုံပြီး ပြန်ကြည့်လိုက်တော့ တစ်ဘက်ကို မျက်နှာလွှဲ သွားတယ်။ ကျနော်လည်း မသိချင်ယောင်ဆောင်ပြီး ကိုယ့်လမ်းကိုပဲ ဆက်သွား လိုက်တယ်။
YOU ARE READING
နွေဦးပုံပြင်
Romanceနွေဦးရွက်ကြွေတွေနဲ့အတူ မျောလွင့်ပြီး ပျံသန်းလာခဲ့တဲ့ ငှက်မလေးအကြောင်း