အခန်း (၅) ပလက်စတစ်ကြက်မွေး
သီတင်းကျွတ် ပိတ်ရက်ပြီးလို့ ကျောင်းပြန်ဖွင့်တော့ အရာအားလုံးဟာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားတယ်။ ဆယ်တန်းကျောင်းသား ဘဝဆိုတော့လည်း နေ့တိုင်း ကျောင်းတက် ကျောင်းဆင်း စာဖတ် စာတွက် အိပ်ငိုက်ရတာက ပုံမှန်လို့ ပြောရမှာပဲလေ။
နောက်ပြီး စာသင်နှစ် တစ်ဝက်လည်း ကျိုးသွားပြီဆိုတော့ ကျောင်းက ဆရာမတွေရော အိမ်မှာ စာလာပြတဲ့ ဂိုက်ဆရာကြီးကပါ အတင်းမောင်းတော့တာပဲ။ စာကျက်ချိန်က အရင်ကထက် နှစ်ဆ ဖြစ်သွားပြီး အားလပ်ချိန်တွေ လျော့သွားတယ်။ကျက်စရာ စာတွေကလည်း ပိုများလာပြီး အရှေ့က စာပိုဒ်ကို ပြန်နွေးလိုက်ရ၊ အနောက်က စာပိုဒ်ကို အသစ်ကျက်လိုက်ရနဲ့ သံသရာ လည်နေတာပဲ။ အရင်က နည်းနည်းလေး လွတ်လပ်ပါတယ်ဆိုတဲ့ ကျောင်းစာသင်ခန်းထဲမှာတောင် အချိန်ပြည့် မှောက်အိပ်ပြီး နေလို့ မရတော့ဘူး။
အနည်းဆုံးတော့ သူငယ်ချင်းနဲ့ စကားပြောရင်း သင်္ချာလောက်တော့ တွက်နေရတာ။ ကျောင်းမှာ စာမလုပ်ဘဲ အိမ်ရောက်မှ လုပ်မယ်ဆို စာတွေ အရမ်းပိသွားမှာ။ စနေ တနင်္ဂနွေ ဆိုရင်လည်း အရင်လို လပ်လျားလပ်လျားနဲ့ ဝတ္ထုဖတ်တာတို့ ဘောလုံးကန်တာတို့ မလုပ်နိုင်တော့ဘူး။
ဒါတောင် ကျနော်က အိမ်နဲ့ ကျောင်းနဲ့ကူးပြီး ဂိုက်ဆရာနဲ့ပဲ စာသင်ရလို့ သက်သာတာ။ ညဘက်ဆိုရင်လည်း စာကျက်ဝိုင်းကို သွားစရာ မလိုဘူး။ စိတ်ထဲက မှန်းထားတဲ့ အတိုင်း “ဒီနေ့တော့ဖြင့် ဘယ်လောက်အထိ ရအောင်ကျက်မယ်”ဆိုတဲ့ ကိုယ့်တားဂတ် ပြည့်သွားရင် အိပ်ရာထဲ ဝင်အိပ်လိုက်တာပဲ။
နောက်ပြီး ကျနော်က ဆယ်တန်း ရက်ပီတာဆိုတော့ တချို့စာပိုဒ်တွေ အပုဒ်တွေဆို နည်းနည်းကျက်ရုံနဲ့ တန်းရသွားတဲ့ အားသာချက် တစ်ခုရှိတယ်။ မနှစ်တုန်းကလည်း ဒီစာတွေချည်း ကျက်လာရတာကိုး။
ဒီနှစ်တော့ ဘာသာရပ် ခြောက်မျိုးထဲမှာ ကျနော်အားနည်းတဲ့ ရူပဗေဒ ဘာသာရပ်ကိုပဲ တစိုက်မတ်မတ် ဖိလုပ်ဖြစ်တယ်။ ကျန်တဲ့ ဘာသာတွေကတော့ ပေါ့ပေါ့ပါးပါးပဲ သဘောထားပြီး လုပ်တယ်။
YOU ARE READING
နွေဦးပုံပြင်
Romanceနွေဦးရွက်ကြွေတွေနဲ့အတူ မျောလွင့်ပြီး ပျံသန်းလာခဲ့တဲ့ ငှက်မလေးအကြောင်း