အခန်း (၈) ပြန်လည်နိုးထလာသည့် အိပ်မက်ဆိုး

437 17 0
                                    

အခန်း (၈)                   ပြန်လည် နိုးထလာသည့် အိပ်မက်ဆိုး
 

လွန်ခဲ့သော ၁၄နှစ်ခန့်က...................

“သားကြီး.... အဖေနဲ့ ပွဲစျေးမှာ လည်ရတာ ပျော်လား”

“ပျော်တယ်...”

“ငါ့သားက အဖေ့ကို ပိုချစ်တာလား ၊ အမေ့ကို ပိုချစ်တာလား”

“ဖေကြီးကို ပိုချစ်တာ”

“ဟ...တကယ်လားကွ ၊ အရင်နေ့တုန်းက မင်းပဲ အမေ့ကို ပိုချစ်တာဆို”

“ဖေကြီးက ဒီနေ့ သားကို ကျန်ကျောင်းဓား ဝယ်ပေးတယ်လေ”

“ဟား...ဟား ၊ လူလည်ကောင်လေး... ကျန်ကျောင်းဓား မဝယ်ပေးတော့ဘူး ဆိုရင်ကော အဖေ့ကို ချစ်ဦးမှာလား”

“ချစ်တော့ဘူး....”

“အဲ့တာဆို ငါ့ပခုံးပေါ်က ဆင်းပြီး လမ်းလျှောက်တော့ ၊ သွား...မင်းအမေကြီးဆီပဲ သွားကပ်နေတော့....”

“ဟီးဟီး... သားက အဖေကြီးကိုပဲ ချစ်တာ ၊ အမေကြီးကို ချစ်တယ်ဆိုတာ..ဟို လျှောက်ပြောနေတာ”

“တော်စမ်းကွာ.... မင်းက ပလီပလာတွေ များတယ် ၊ လိုချင်တာဝယ်ပေးရင် တစ်မျိုး မဝယ်ပေးရင် တစ်မျိုး ဆက်ဆံတာက”

“ဟီး...”

ည ၁၁နာရီဝန်းကျင် အချိန်မှာ ကျနော်တို့ သားအဖနှစ်ယောက် ရွာဘုရားပွဲကနေ ပြန်လာခဲ့ကြတယ်။ အဖေက ကျနော့်ကို သူ့လည်ဂုပ်ပေါ်တင်ပြီး ချီပိုးလို့။ လပြည့်နေ့ညဆိုပေမဲ့ မိုးတိမ်တွေ ဖုံးအုပ်ထားတော့ ပတ်ဝန်းကျင် တစ်ခုလုံး မည်းမှောင်နေတယ်။  

ဘေးပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း မမြင်ရဘူး။ အဖေကတော့ ဘယ်လမ်းကနေ အိမ်ကို သွားနေတယ် ဆိုတာ သိပုံရတယ်။ ကျနော်ကတော့ ကလေးဆိုတော့ လမ်းတွေ  သိပ်မမှတ်မိဘူး။

ဒါပေမဲ့လည်း အဖေရှိတော့ ဘာမှစိုးရိမ်စရာ မလိုပါဘူး။ အမှောင်ထဲကနေ စမ်းတဝါးဝါး သွားနေပေမယ့် အိမ်ကိုပြန်ရောက်မှာ သိနေပြီးသားလေ။ ဒါကြောင့် ပွဲစျေးတန်းမှာ ချားရဟတ် စီးခဲ့တုန်းက ဘယ်လိုခံစားခဲ့ရတယ်ဆိုတာ ပြန်တွေးပြီး စမြုံ့ပြန်နေ လိုက်တယ်။
 

နွေဦးပုံပြင်Where stories live. Discover now