အခန်း (၁၃) ဆောင်းညအလယ်
နွေဦးကဗျာတို့ စာသင်ခန်း အရှေ့က ကော်ရစ်ဒါမှာ မတ်တတ်ရပ် ဖုန်းပွတ်ရင်း အတန်းဆင်းချိန်ကို စောင့်နေတယ်။ ဒီတစ်ချိန်ပြီးရင် ကန်တင်းမှာ နေ့လယ်စာ အတူစားဖို့ ချိန်းထားလို့ လာစောင့်နေရတာ။
GTC ကျောင်းဝန်းထဲမှာ ပုံမှန်အဝတ်အစားနဲ့ အတန်းရှေ့ မတ်တတ်ရပ်နေရတာ နည်းနည်းတော့ အူကြောင်ကြောင်နိုင်တယ်။ ဘာလို့ဆို Gtc ကျောင်းသား ကျောင်းသူတွေ အကုန်လုံးက ယူနီဖောင်းတွေနဲ့ကိုး။ ကျနော် တစ်ယောက်ပဲ ဂျင်းဘောင်းဘီကြီးနဲ့ တီရှပ်နဲ့ ဖြစ်နေတာ။
အင်း..... စောင့်နေရတဲ့လူဆိုတော့ စိတ်လောနေလို့လား မသိဘူး။ ဒီကိုရောက်တာ ဆယ်မိနစ်လောက်ပဲ ရှိသေးပေမဲ့ စိတ်ထဲမှာတော့ နာရီဝက်လောက် စောင့်နေရတယ် ထင်နေတာ။
စာသင်နေတဲ့ ဆရာမကလည်း မြန်မြန်သင်ပြီး မြန်မြန်လွှတ်ပေးလိုက်မယ်လို့ မရှိဘူး။ အချိန်မပြည့် ပြည့်အောင် ဆွဲဆန့်ပြီး သင်နေပုံရတယ်။ ဂိမ်းဆော့ရင်းနဲ့ စောင့်နေရတာ စိတ်မရှည်တော့လို့ တောင်တွေးမြောက်တွေး လျှောက်တွေးနေမိတာ။
ဘာလိုလိုနဲ့ ကျနော်တို့တွေတောင် တတိယနှစ်ကို ရောက်လာခဲ့ပြီ။ နောက်တစ်ပတ်ထဲ ဆိုရင် ချစ်သူသက်တမ်း တစ်နှစ်ပြည့်တော့မယ်။ သူ့ကို ဘယ်လို လက်ဆောင် ပေးရမယ်မှန်း စဥ်းစားလို့ မရသေးဘူး။
သူဘာလိုချင်လဲလို့ မေးပြီး ဝယ်ပေးလိုက်တာပဲ ကောင်းမယ်ထင်ပါတယ်။ ကျနော် ဝယ်ပေးတဲ့ လက်ဆောင်ကို သူ မကြိုက်လို့ မသုံးဖြစ်ရင် အလကား ဖြစ်သွားမှာလေ။ ဒီလထဲမှာ ကျနော့်မွေးနေ့လည်း ရှိတော့ နွေဦးက ကျနော် လိုချင်တာပဲ ဝယ်ပေးမယ်လို့ ပြောထားတယ်။
ကျနော်တို့ အတွဲက တခြားအတွဲတွေလောက် ရိုမန်းတစ် မဆန်တတ်ကြဘူးရယ်။ စကားပြောရင်လည်း ပေါ့ပေါ့ပါးပါးပဲ။ကိုရေ သဲရေတို့ ခေါ်ပြီး ချွဲတာမျိုးလည်း မရှိဘူး။ သူငယ်ချင်းပေါင်းပဲ ပေါင်းလို့လား..... ကျနော်တို့ နှစ်ယောက်ကပဲ တုံးတိကြီးတွေ ဖြစ်နေကြတာလား မသိပါဘူး။
YOU ARE READING
နွေဦးပုံပြင်
Romanceနွေဦးရွက်ကြွေတွေနဲ့အတူ မျောလွင့်ပြီး ပျံသန်းလာခဲ့တဲ့ ငှက်မလေးအကြောင်း