အခန်း (၁၅) ရေစက်
“ပါပါးက ပိတ်စကို သေချာကိုင်ထားလေ....ဟိုမယ် ဆံပင်တွေက မြေကြီးပေါ် ကျကုန်ပြီ”
“အေးပါ အေးပါ ၊ နင်ကလည်း ငါ့ကို ဆရာလုပ်လိုက်တာဆို”
“သြော်....ပါပါးဘက်က လွတ်နေလို့ ပြောပြတာပါ ၊ ဆရာလုပ်တာ မဟုတ်ပါဘူး”
“အေး..အေး”
သင်္ကြန်တွင်း ရိပ်သာဝင်ရင်းနဲ့ သင်္ကန်းစီးဖို့ အတွက် ကျနော့်ကို ဆံပင်ရိတ်ပေး နေကြတာပါ။ နွေဦးနဲ့ သူ့အဖေက ဒါယိကာ ဒါယိကာမ အနေနဲ့ သင်္ကန်းပရိက္ခရာ လှူထားကြတယ်။ ကတုံးရိတ်နေတဲ့နား လာပြီးတော့ ပိတ်စဖြူ တစ်ယောက် တစ်ဖက်ကိုင်ရင်း ဆံပင်ကို ခံထားကြတာ။
အန်တီမြင့်ကတော့ ဘေးနားကနေ မတ်တတ်ရပ်ကြည့်ရင်း မှတ်တမ်းတင် ဓာတ်ပုံရိုက် နေတယ်။ နွေဦးနဲ့ သူ့ပါပါးတို့ စကားများတာကို ကြားပြီး ရယ်ချင်ပတ်ကျိ ဖြစ်သွားလို့ အဟင်းဟင်းလို့ အသံတိတ်ရယ်ပြီး ခေါင်းကို လှုပ်မိ သွားတယ်။
ဆံပင်ရိတ်ပေးနေတဲ့ ဦးဇင်းက ကျနော့်ကို ငြိမ်ငြိမ်နေ ဓားရှလိမ့်မယ်လို့ ပြောကာမှ ရယ်ချင်တဲ့စိတ်ကို ထိန်းလိုက် ရတယ်။ ကတုံးတုံးတာ ပြီးသွားတော့ နွေဦးက ကျနော့်ကို တဘတ်နဲ့ မျက်နှာသုတ်ပေးတယ်။ခေါင်းပေါ်က အပူဖုတွေ ဘရိတ်ဓားနဲ့ရှပြီး သွေးထွက်နေတာကိုလည်း တစ်ရှူးအစိုနဲ့ သုတ်ပေးပြန်တယ်။ သူ့အဖေ ကျနော့် ယောက္ခထီးလောင်းကြီးကလည်း ဟိုနားလေး သွေးထွက်နေတာ ဘာညာနဲ့ ညွှန်ပြပေးနေတာ။
အန်တီမြင့်ကတော့ ကျနော်တို့ကို ကြည့်ပြီး ပြုံးစိစိ လုပ်နေတယ်။ အစတုန်းက နွေဦးတို့ သားအဖ ကျနော့်ကို သင်္ကန်းစီးပေးဖို့ ပြောတော့ အန်တီမြင့် ခွင့်မပြုလောက်ဘူး မှတ်နေတာ။ ပြောကြည့်လိုက်တော့ကျ သူလည်း ရိပ်သာဝင်မယ် ၊ သားလည်း ရသလောက် ဝတ်ပေါ့ဆိုပြီး လွယ်လွယ်ပဲ ခွင့်ပြုပေးလိုက်ပါတယ်။
ကျနော်လည်း ရဟန်းအဖြစ် သင်္ကန်းဝတ်ချင်နေတာ ကြောင့်ရော ၊ နွေဦးက ချော့မော့ပြီး ခေါ်လာတာကြောင့်ရော ဆိပ်ခွန်က မဟာစည် သာသနာ့ ရိပ်သာထဲ ရောက်လာတာ။ ကိုယ့်စိတ်နဲ့ ကိုယ်သာဆို ရွာသစ်ကြီးက ဘုန်းကြီးကျောင်းမှာပဲ အေးဆေးဝတ်ပြီး နေချင်တာ။
YOU ARE READING
နွေဦးပုံပြင်
Romanceနွေဦးရွက်ကြွေတွေနဲ့အတူ မျောလွင့်ပြီး ပျံသန်းလာခဲ့တဲ့ ငှက်မလေးအကြောင်း