အခန်း (၉) မြစ်ဧရာက ရေသူမ
"သားရေ....ရဲလင်းအောင် ၊ ထတော့လေ.. ၈နာရီ ကျော်နေပြီ....ထတော့ သား ထတော့"
"ဟုတ်...ဟုတ်၊ အွန်းးး...."
ညက တော်တော်နဲ့ အိပ်မပျော်ဘဲ မနက်မိုးလင်းခါနီးမှ အိပ်ပျော်သွားလို့ အိပ်ရာကနေ မထချင်ဘူး ဖြစ်နေတယ်။ အိပ်ရာဝင်တာ နောက်ကျတာကြောင့်ရော တစ်ကိုယ်လုံး ညောင်းကိုက်ပြီး အိပ်မက်တွေ လျှောက်မက်နေတာကြောင့် အိပ်ရေးမဝဘဲ နုံးချိချိ ဖြစ်နေတယ်။
ဒါပေမဲ့လည်း ကျနော် မထမချင်း အဒေါ်က ပွစိပွစိနဲ့ နှိုးတော့မှာဆိုတော့ ထလိုက်ရတယ်။ အဲ့တာကြောင့်မလို့ တက္ကသိုလ်နားနီးတဲ့ အဆောင်မှာ နေချင်တာ။
စစ်ကိုင်းမှာ အဒေါ် အရင်းကြီး ရှိနေတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ။ ဟင်းကောင်း ထမင်းကောင်းတော့ စားရတာပေါ့။ အကောင်းနဲ့အဆိုးက ဒွန်တွဲနေတာပါပဲလေ။
ကျနော် စစ်ကိုင်းကို ပြန်ရောက်နေတာ တစ်လနီးပါးရှိပြီ။ စစ်ကိုင်းတက္ကသိုလ်ကို ဝင်ခွင့်ရလို့ အဖေပြောတဲ့အတိုင်း Eco major ယူထားတယ်။ ချစ်ကိုကလည်း ကျနော်နဲ့ တက္ကသိုလ်တူတယ်....မေဂျာတော့ မတူဘူး။
နွေဦးကဗျာနဲ့ ဇော်ဇော်ထက်အောင်ကတော့ Gtc ကို ရောက်သွားကြတယ်။ သူတို့ နှစ်ယောက်က အမှတ်ပိုကောင်းကြတယ်လေ။ ကျနော့်အမှတ်က သုံးရာကျော် ဆိုပေမဲ့ Gtc ဝင်ခွင့်လျှောက်ချင်ရင်လည်း မှီတော့မှီတယ်။ နောက်ဆုံးဘိတ် မေဂျာလောက်တော့ သွားကျမှာပေါ့။
နည်းပညာတက္ကသိုလ်ကို တမင်တကာ မတက်ချင်လို့ ဝင်ခွင့်မလျှောက်လိုက်တာ။ အင်ဂျင်နီယာတို့ ဘာတို့လုပ်ဖို့ ဝါဿနာ မပါတာကြောင့်ရော ၊ စာကျက်ရမှာ ပျင်းတာကြောင့်ရော မလျှောက်လိုက်တာ။ ဘာဘွဲ့ရရ အချိန်တန်ရင် စက်ရုံကိုပဲ ပြန်ရမှာကိုးဗျ။
အင်း.... အရင်တုန်းကတော့ နွေဦးကဗျာတက်မယ့် တက္ကသိုလ်မှာ ကျနော် တက်မယ်လို့ စိတ်ကူးယဥ်ခဲ့ဖူးပါတယ်။ ခင်ဗျားတို့ သိတဲ့အတိုင်း ကျနော့်ရဲ့ စိတ်ကူးနဲ့ လက်တွေ့က ဘယ်တော့မှ ထပ်တူကျလေ့ မရှိဘူး။
YOU ARE READING
နွေဦးပုံပြင်
Romanceနွေဦးရွက်ကြွေတွေနဲ့အတူ မျောလွင့်ပြီး ပျံသန်းလာခဲ့တဲ့ ငှက်မလေးအကြောင်း