အခန်း (၃) မတော်တဆ ဖြစ်ရပ်များ
“ရဲလင်းအောင်....မြုံ့စိ မြုံ့စိနဲ့ နင်ဘာတွေဝါးနေတာလဲ”
“အွန်း...မပြောပြဘူး”
“လုပ်ပါဟ...နင့်နားက မွှေးနေတာပဲ ၊ ပီကေဝါးနေတာလား....”
“ရှက်ခါးဝါးနေတာဟေ့ ၊ ရှက်ခါးဝါးနေတာ.....ဟိုမယ် ဆရာ လမ်းလျှောက်နေတယ် သွားတိုင်ချည် သွား”
“ငါ့ကိုလည်း နည်းနည်းလောက် ကျွေးပါလားဟင် ၊ မကျွေးရင်တိုင်မယ် ကျွေးရင် မတိုင်ဘူး”
“ရော့...ရော့ ၊ ခဏလေး......ဒီထဲမှာ ဆေးရွက်ကြီးပါတယ် နင်နဲ့ မတည့်ဘူး ထင်တယ်နော်”
“ဟင်...မရဘူး ၊ နည်းနည်းတော့ ကျွေးဟာ နော်...နော်”
ကျနော့်နားမှာ ကလေးများ ချိုချဥ်တောင်းစားသလို ရှက်ခါးတောင်းစား နေတဲ့သူက နွေဦးကဗျာပါ။ နေ့လယ် ထမင်းစား ကျောင်းဆင်းချိန် အိမ်သာကအပြန် ချစ်ကိုကျွေးတဲ့ ရှက်ခါး ကွမ်းယာ ငုံပြီး မြုံ့စိမြုံ့စိ လုပ်နေတာကို နွေဦးတွေ့သွားတာ။
သူနဲ့ ကျနော်က အတော်လေး ခင်နေပြီဆိုတော့ အရင်လို ခပ်တန်းတန်း မဟုတ်တော့ဘဲ တပူးပူး တတွဲတွဲ ဖြစ်နေပြီ။ နောက်ဆုံးတန်းက ထိုင်ခုံကို နွေဦး ရောက်လာတာလည်း တစ်လခွဲ နှစ်လလောက်တောင် ရှိပြီကိုး။
အဲ...မေ့လို့ ၊ ရှက်ခါးဆိုတာ ဘာလဲရှင်းပြဦးမယ်။ ရှက်ခါး a.k.a (shikhar) ဆိုတာက အိန္ဒိယဘက်ကလာတဲ့ အသင့်စားကွမ်းယာ အထုပ်လေးတွေပါ။ အခုနောက်ပိုင်းတော့ ကျန်းမာရေးအတွက် အစိုးရက ပိတ်သိမ်းလိုက်လို့ ရှာလို့မရတော့ဘူး။ အဲ့ထဲမှာ ဆေးရွက်ကြီးရယ် ကွမ်းသီးလေးတွေရယ် ရှားစေးရယ် ဖာလာစေ့ အမွှေးစိလေးတွေ ပါတယ်။
ဆေးရွက်ကြီးပါတယ်ဆိုတော့ တစ်ထုပ်လုံး ငုံလိုက်ရင် နည်းနည်းတော့မူးတယ်။ ကျနော်ကတော့ ကွမ်းယာကြိုက်တာထက် အနံ့လေးမွှေးလို့ နည်းနည်းချင်းစီခွဲပြီး အပျင်းပြေငုံတာ။ အထုပ်လေးတွေက ပေါက်စလေးတွေ၊ ၁၀ ဂရမ်လောက်ပဲ ရှိမယ်ထင်တယ်။
ကျနော့်ဆီက အမွှေးနံ့ရတော့ နွေဦးက မရမက တောင်းစားတော့တာပဲ။ စားပွဲခုံရဲ့ ညာဘက်ထောင့်မှာ ထိုင်နေရာကနေ ကျနော်ရှိတဲ့ ဘယ်ဘက်ထောင့်နားလေးအထိ ဖင်တရွတ်တိုက်ဆွဲပြီး လှစ်ခနဲ ရောက်ချလာတယ်။
YOU ARE READING
နွေဦးပုံပြင်
Romanceနွေဦးရွက်ကြွေတွေနဲ့အတူ မျောလွင့်ပြီး ပျံသန်းလာခဲ့တဲ့ ငှက်မလေးအကြောင်း