အခန်း (၄) မွေးရာပါတဲ့ ရောဂါ
“နွေဦး....နွေဦး....!!! ၊ ဆရာလေး ကူညီပါဦးဗျာ...သတိလစ်သွားပြီ ထင်တယ်”
“ဘာဖြစ်တာမှန်း မသိရင် ဘာမှမလုပ်နဲ့ဦး ဒကာလေး ၊ ကျောင်းထဲမှာ သူနာပြု ဆရာမကြီး ရှိတယ်....သွားခေါ်လိုက်မယ်”
နွေဦးကဗျာ ခြေထောက်တွေ ခွေယိုင်ပြီး လဲကျသွားပေမယ့် နောက်ကျောနဲ့ မြေပြင်ကို မထိခင် ကျနော် အမိအရ ဖမ်းလိုက်နိုင်တယ်။ ရုတ်တရက်ကြီး မေ့လဲသွားတာဆိုတော့ ခေါင်းထဲမှာ ထူပူသွားတာပဲ။ ဘာလုပ်လို့ ဘာကိုင်ရမှန်း မတွေးတတ်တော့ဘူး။
ကျောင်းမှာတုန်းက သူ့မှာ မွေးရာပါ နှလုံးရောဂါအခံရှိကြောင်း နွေဦး ပြောပြဖူးတယ်။ အဲ့တုန်းက စနောက်နေတဲ့ အချိန်ဆိုတော့ အမှု့မဲ့ အမှတ်မဲ့ သြော်...အင်း ဒီလောက်ပဲ ပြန်ပြောခဲ့တာ။
အခုလို ဆတ်ဆတ်ထိ မခံတဲ့ ရောဂါမျိုး ဖြစ်လိမ့်မယ်မှန်း မထင်ထားခဲ့မိဘူး။ ခွေးအုပ်ကြောင့် သူတော်တော် လန့်သွားလို့နေမယ် ၊ ကျနော်ကတော့ သူမေ့လဲသွားမှ လန့်သွားတာ။ အကူအညီတောင်းလိုက်တော့ သီလရှင် ဆရာလေးက ကျောင်းထဲ အပြေးဝင်ပြီး သူနာပြုဆရာမကို သွားခေါ်တယ်။
စက္ကန့်ပိုင်းလောက်ကြာတော့ ကျောင်းထဲကနေ ဆရာလေးနဲ့အတူ ယောဂီဝတ်စုံ ဝတ်ထားတဲ့ အသက်ငါးဆယ်ကျော်အရွယ် အမျိုးသမီးတစ်ဦး ပါလာတယ်။ ကြည့်ရတာ တရားစခန်း ဝင်နေတဲ့ သူနာပြုဆရာမကြီး ဖြစ်မယ်ထင်တယ်။ကျနော်တို့အနား ရောက်လာတော့ ယောဂီဝတ်စုံနဲ့ သူနာပြု ဆရာမကြီးက နွေဦးကို ရှေးဦးသူနာပြုနည်းနဲ့ ပြုစုပေးတယ်။ ရင်ဘတ်ပေါ် လက်နှစ်ဘက်တင်ပြီး အပေါ်ကနေ ဖိချပေးရင်း ပါးစပ်ကနေလည်း လေမှုတ်သွင်းတယ်။
ခဏကြာတော့ နွေဦးကဗျာ မျက်လုံးပြန်ပွင့်လာတယ်။ ဆရာမကြီးက နွေဦး အသက်ရှူရ လွယ်အောင် ဘေးနား ဝိုင်းအုံနေတဲ့ သီလရှင်လေးတွေကို ဖယ်ခိုင်းပြီး အနေအထား မှန်အောင်ပြင်ပေးလိုက်တယ်။ ပြီးတော့ ကျနော့်ဘက် လှည့်ကြည့်ပြီး....“မင်းက သူနဲ့ဘာတော်တာလဲ..”လို့ မေးတယ်။
“သူငယ်ချင်းပါ....”
YOU ARE READING
နွေဦးပုံပြင်
Romanceနွေဦးရွက်ကြွေတွေနဲ့အတူ မျောလွင့်ပြီး ပျံသန်းလာခဲ့တဲ့ ငှက်မလေးအကြောင်း