အခန်း ( ၂ ) နွေဦးကဗျာ
“ဟင်း....!!!”
အရိပ်အာဝါသကောင်းတဲ့ မန်ကျည်းပင်အောက်က ကြိမ်ကုလားထိုင်ပေါ်မှာ ပျင်းပျင်းနဲ့ ထိုင်နေရင်း သက်ပြင်း ချလိုက်မိတယ်။ ဒီနေ့က စနေနေ့ဆိုတော့ ကျောင်းသွားစရာ မလိုဘူးလေ။ တစ်နေကုန် တစ်နေခန်း အိမ်တွင်းအောင်းပြီး စာလုပ်နေရတော့ ပျင်းလာလို့ အပြင်ဘက် ထွက်ပြီး လာထိုင်နေတာ။နေ့လယ်ခင်းပိုင်းဆိုရင် အခန်းထဲမှာ အရမ်းပူတော့ အကြာကြီးလည်း မနေနိုင်ဘူး။ ဒါကြောင့်မလို့ ဝန်ထမ်းအိမ်ရာဝန်းထဲမှာရှိတဲ့ အရိပ်အကောင်းဆုံး မန်ကျည်းပင် အောက်မှာ လာထိုင်နေတာ။
ကျနော့်အဒေါ်က မြေတိုင်းရုံးက ဝန်ထမ်းဆိုတော့ အစိုးရကပေးတဲ့ တိုက်ခန်းမှာ နေတာ။ စစ်ကိုင်းမှာလည်း ဆွေမျိုးသားချင်းက အဒေါ်တစ်ယောက်ပဲ ရှိတာဆိုတော့ သူ့ဆီမှာ ကပ်နေရတာပေါ့။အဲ့ဒီ့တုန်းက စစ်ကိုင်းမြို့ နန်းဦးမြို့သစ်က ဝန်ထမ်းအိမ်ရာထဲမှာ အရိပ်ရ သစ်ပင်တွေ အများကြီးရှိတယ်။ ကျနော့်အဒေါ်နေတဲ့ လိုင်းခန်းနဲ့ အနီးဆုံး အရိပ်အကောင်းဆုံး သစ်ပင်ကတော့ မန်ကျည်းပင်ကြီးပဲ။ ပင်စည်ကိုက လူလေးငါးယောက် ဖက်စာလောက်ရှိတယ် ၊ အရိပ်အာဝါသလည်း ကောင်းသလား မမေးနဲ့။
စာကျက်ရတာပျင်းတိုင်း ရာသီဥတုပူတိုင်း ဒီမှာလာထိုင်နေကျ။ တစ်ခါတလေ စာအုပ်ငှားဆိုင်က ဝတ္ထုစာအုပ် ခိုးငှားပြီး ဒီအပင်အောက် လာဖတ်တယ်။ အန်တီမြင့်က ကျနော့်ကို ကျန်တဲ့ကိစ္စတွေမှာ အလိုလိုက်ထားပေမယ့် ဝတ္ထုစာအုပ် ဖတ်တာတော့ ပိတ်ပင် ထားတယ်။ဝတ္ထုစာအုပ်တွေ ကာတွန်းစာအုပ်တွေ ဖတ်ရတာ ဝါသနာ ပါလို့တော့ မဟုတ်ပေမယ့် စိတ်ထွက်ပေါက်တစ်ခု အနေနဲ့ ဖတ်ဖြစ်တာပါ။ ကျနော့် ဇာတိ ရွာသစ်ကြီးမှာ နေတုန်းကဆိုရင် ဝတ္ထုစာအုပ်ကို ယောင်လို့တောင် မထိမကိုင်ဘူးရယ်။
စာဖတ်ရတာထက် ဘော်ဒါတွေနဲ့ ဘောလုံးကန်တာတို့ လျှောက်လည်တာတို့ပဲ ပိုအားသန်တာ။ စစ်ကိုင်းကို ရောက်လာတော့ အကျယ်ချုပ်လို ပုံစံမျိုး နေနေရတာနဲ့ စိတ်ပြေလက်ပျောက် ဖတ်ဖြစ်သွားတာ။
YOU ARE READING
နွေဦးပုံပြင်
Romanceနွေဦးရွက်ကြွေတွေနဲ့အတူ မျောလွင့်ပြီး ပျံသန်းလာခဲ့တဲ့ ငှက်မလေးအကြောင်း